တရုတ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းအား ကူညီဖြေရှင်းပေးရန် ထိုင်ဝမ်သမ္မတ ကမ်းလှမ်း  

By Reuters
04 January 2023
တရုတ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းအား ကူညီဖြေရှင်းပေးရန် ထိုင်ဝမ်သမ္မတ ကမ်းလှမ်း  

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က တရုတ်နိုင်ငံတွင် မြင့်တက်နေသော ကိုဗစ်-၁၉ ကူးစက်မှုများကို ကူညီဖြေရှင်းပေးရေးအတွက် လိုအပ်သောအထောက်အပံ့များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်က ကမ်းလှမ်းခဲ့ပြီး ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းသည် ငြိမ်းချမ်း‌ရေးနှင့် တည်ငြိမ်‌ရေးအတွက် အကျိုးမရှိကြောင်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသည်  အသွားအလာပိတ်ဆို့မှုနှင့် ရောဂါစမ်းသပ်မှုအကြီးအကျယ်လုပ်ဆောင်သော ကမ္ဘာ့အတင်းကျပ်ဆုံး ကပ်ရောဂါထိန်းချုပ်မှုကို  ပြီးခဲ့သည့်လက စတင်ပယ်ဖျက်ပြီး ရုတ်တရက် မူဝါဒအပြောင်းအလဲ လုပ်လိုက်ရာ ကိုဗစ်-၁၉ ကပ်ရောဂါသည် မထိန်းချုပ်နိုင်ဘဲ ပျံ့နှံ့သွားပြီး တစ်နေ့လျှင် လူ သန်းပေါင်းများစွာကို ကူးစက်ဖွယ်ရှိကြောင်း နိုင်ငံတကာ ကျန်းမာ‌ရေးကျွမ်းကျင်ပညာရှင်တချို့က ပြောသည်။
တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားမှုများ မြင့်တက်နေသည်ကို လူတိုင်းက သိမြင်နေကြောင်း စိုင်အင်ဝမ်က သမ္မတရုံး၌ နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ကို ၎င်းပိုင်နက်အဖြစ် ရှုမြင်ထားပြီး ပိုင်ဆိုင်ကြောင်းပြသရန် စစ်ရေးဖိအားကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။  
“လူသားချင်းစာနာမှုအပေါ်အခြေခံပြီး လိုအပ်ချက်ရှိနေသရွေ့ ကျွန်မတို့အနေနဲ့ လူအများ ရောဂါကူးစက်ခံရမှု အခြေအနေကနေ လွတ်မြောက်အောင်စေဖို့နဲ့ ကျန်းမာဘေးကင်းတဲ့ နှစ်သစ်ဖြစ်စေဖို့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်” ဟု စိုင်အင်ဝမ်က ပြောသည်။
 ထိုင်ဝမ်နှင့် တရုတ်နိုင်ငံသည် ကိုဗစ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် စီမံချက်အသီးသီးကို အပြိုင်အဆိုင် လုပ်ဆောင်နေကြသည်။
တရုတ်သည် လွန်ခဲ့သောနှစ်က ပြည်တွင်း၌ ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့သော ထိုင်ဝမ်အား မထိရောက်သော ကပ်ရောဂါစီမံခန့်ခွဲမှုအတွက် ဝေဖန်ခဲ့သလို  ထိုင်ဝမ်ကလည်း တရုတ်အား ပွင့်လင်းမြင်သာမှုမရှိကြောင်းနှင့် ထိုင်ဝမ်အတွက် ကာကွယ်ဆေးရရှိနိုင်မှုအပေါ် နှောင့်ယှက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ 

ပြဿနာများကို ဖြေရှင်းရန် စစ်ပွဲသည် ရွေးချယ်သင့်သည့် အကြောင်းအရာတစ်ခု မဟုတ်သောကြောင့် တရုတ်နှင့် တွေ့ဆုံညှိနှိုင်းရန်လည်း စိုင်အင်ဝမ်က ထပ်မံတောင်းဆိုလိုက်သည်။
ဒီဇင်ဘာ ၃၁ ရက်ညပိုင်းက ပြောဆိုသည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ထိုင်ဝမ်ရေလက်ကြားတစ်ဖက်တွင်ရှိကြသည့် ပြည်သူများသည် တစ်အူထုံ့ဆင်း မိသားစုဝင်များ ဖြစ်ကြောင်း ထိုင်ဝမ်ကို အကျဉ်းချုံ့း ရည်ညွှန်းပြောကြားခဲ့သော်လည်း ထိုင်ဝမ်ကို တရုတ်၏ ထိန်းချုပ်မှုအောက်သို့ ထားရှိရန် မဖော်ပြခဲ့ပေ။
ထိုင်ဝမ်သမ္မတက ပြောကြားပြီး မကြာမီ ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်လျက် တရုတ် စစ်လေယာဉ် ၁၂ စင်း ဝင်ရောက်ပျံသန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်အောက်လွှတ်တော်အမတ် တိုင်ပေသို့ လာရောက်ခဲ့ပြီးနောက် တရုတ်စစ်တပ်က ဩဂုတ်လမှစ၍ စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။
ထိုင်ဝမ်သမ္မတက သူမအနေဖြင့် တရုတ်နှင့်  ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်လိုကြောင်း မကြာခဏ ပြောကြားခဲ့သော်လည်း တရုတ်က တိုက်ခိုက်လာပါက ကာကွယ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ ပြည်သူ ၂၃ သန်းသည် သူတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်ကြောင်း ပြောကြားထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required