အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား ထိန်းသိမ်းထားသော အကျဉ်းသားနှင့် ရေလုပ်သားစာရင်းများ လဲလှယ်

By ANI 
04 January 2023
အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား ထိန်းသိမ်းထားသော အကျဉ်းသားနှင့် ရေလုပ်သားစာရင်းများ လဲလှယ်

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံကြား ရေရှည်သဘောတူညီချက်နှင့်အညီ   ထိန်းသိမ်းထားသော ရေလုပ်သားများနှင့် အကျဉ်းသားများ စာရင်းကို ဇန်နဝါရီ ၁ ရက်က လဲလှယ်ကြသည်။

“အိန္ဒိယနှင့်ပါကစ္စတန်သည် ထိန်းသိမ်းထားသော ရေလုပ်သားများနှင့် အရပ်သားအကျဉ်းသားများစာရင်းကို နယူးဒေလီနှင့် အစ္စလာမာဘတ်မြို့တွင် သံတမန်လမ်းကြောင်းအရ တစ်ပြိုင်နက်တည်း ဖလှယ်ခဲ့ကြသည်။ ကောင်စစ်ဝန် လုပ်ဆောင်မှုသဘောတူညီချက် ၂၀၀၈ ပြဌာန်းချက်အရ ထိုသို့သောစာရင်းများကို နှစ်စဉ် ဇန်နဝါရီ ၁ ရက်နှင့် ဇူလိုင် ၁ ရက်တွင် ဖလှယ်ကြသည်” ဟု ပြည်ပရေးရာဝန်ကြီးဌာန ( MEA) က ဖော်ပြခဲ့သည်။
အိန္ဒိယသည် ၎င်းနိုင်ငံတွင် လက်ရှိထိန်းသိမ်းထားသော ပါကစ္စတန်အရပ်သား အကျဉ်းသား ၃၃၉ ဦးနှင့် ပါကစ္စတန်ရေလုပ်သား ၉၅ ဦး၏ စာရင်းကို ပေးခဲ့သလို ပါကစ္စတန်ကလည်း အိန္ဒိယ လူမျိုး ၊ သို့မဟုတ် အိန္ဒိယ လူမျိုးများဟု ယူဆရသူ အရပ်သားအကျဉ်းသား ၅၁ ဦးနှင့် ရေလုပ်သား ၆၅၄ ဦးစာရင်းကို ပါကစ္စတန်အား ပေးအပ်ခဲ့သည်။
အိန္ဒိယအစိုးရကလည်း ပါကစ္စတန်တို့ ထိန်းသိမ်းခံထားသည့် အရပ်သားအကျဉ်းသားများ၊ ပျောက်ဆုံးနေသော အိန္ဒိယစစ်သားများနှင့် ငါးဖမ်းစက်လှေများနှင့်အတူရေလုပ်သားများအား ဆောလျင်စွာပြန်လွှတ်ပေးရေးနှင့် နေရပ်ပြန်ပို့ရေးအတွက် တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြစ်ဒဏ်ကျခံပြီးသော အိန္ဒိယလူမျိုးအဖြစ် အတည်ပြုပြီး ဖြစ်သည့်  အိန္ဒိယ ရေလုပ်သား ၆၃၁ ဦးနှင့် အရပ်သား အကျဉ်းသား ၂ ဦိးကို လွှတ်ပြီး လွှဲပြောင်းပေးရန် ပါကစ္စတန်ကို တောင်းဆိုခဲ့သည်။ ထို့ပြင် ပါကစ္စတန်အချုပ်ခန်းရှိ  ကျန်ရှိသော ရေလုပ်သားအယောက် ၃၀ နှင့် အရပ်သားအကျဉ်းသား ၂၂ ဦးတို့ကိုလည်း ကောင်စစ်ဝန်ရုံးနှင့် ချက်ချင်းဆက်သွယ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယသည် အခြားနိုင်ငံအသီးသီးတွင် ကျန်ရှိနေသော အကျဉ်းသားများနှင့် ရေလုပ်သားများနှင့်သက်ဆိုင်သူများ အပါအဝင်  လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို ဦးစားပေး ဖြေရှင်းရန် ကျန်ရှိနေသေးကြောင်း ဝန်ကြီးဌာနက ပြောသည်။  
နေရပ်ပြန်ရေးအတွက် ပါကစ္စတန်ထံမှ နိုင်ငံသားဖြစ်ကြောင်း အတည်ပြုချက်ကို စောင့်ဆိုင်းနေသော ရေလုပ်သားများ အပါအဝင် ပါကစ္စတန် အကျဉ်းသား ၇၁ ဦးကို နိုင်ငံသားအဖြစ်အတည်ပြုရေးအတွက် လိုအပ်သည်များအား မြန်မြန်ဆန်ဆန်လုပ်ဆောင်ရန်လည်း အိန္ဒိယက တိုက်တွန်းခဲ့သည်။
အိန္ဒိယလူမျိုးနှင့် အိန္ဒိယလူမျိုးဟု ယူဆရသည့် အကျဉ်းသားများနှင့် ရေလုပ်သားများအား ဘေးကင်းလုံခြုံစေရန်နှင့် ကောင်းမွန်စွာနေရရေးအတွက်လည်း ပါကစ္စတန်ကို မေတ္တာရပ်ခံထားကြောင်း ပြည်ပရေးရာဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly