အမေရိကန်စစ်လေယာဉ်အနီး ၁၀ ပေအကွာထိ တရုတ်တိုက်လေယာဉ် ချဉ်းကပ်ခဲ့

By Reuters
04 January 2023
အမေရိကန်စစ်လေယာဉ်အနီး ၁၀ ပေအကွာထိ တရုတ်တိုက်လေယာဉ် ချဉ်းကပ်ခဲ့

အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်အတွင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်တိုက်လေယာဉ် ၁ စင်း သည် အမေရိကန်စစ်လေယာဉ်မှ ၁၀ ပေ (၃ မီတာ) အကွာထိ ချဉ်းကပ်လာသဖြင့် နိုင်ငံတကာ လေပိုင်နက်အတွင်း မတိုက်မိစေရန် ရှောင်တိမ်းခဲ့ရကြောင်း အမေရိကန်စစ်တပ်က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်စစ်လေယာဉ်များ လတ်တလောလုပ်ဆောင်နေသည့် အန္တရာယ်များသောအပြုအမူများနှင့် ပတ်သက်ပြီး အမေရိကန်က သတိပေးပြီးနောက် လေယာဉ်ချဉ်းကပ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တရုတ်ရေတပ်မှ J-11 တိုက်လေယာဉ် ၁ စင်းနှင့် အမေရိကန်လေတပ်မှ RC-135 တိုက်လေယာဉ် ၁ စင်းတို့သည် ဒီဇင်ဘာ ၂၁ ရက်က နီးကပ်စွာ ပျံသန်းခဲ့ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
" အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေအားလုံးက နိုင်ငံတကာဥပဒေနဲ့အညီ နိုင်ငံတကာလေပိုင်နက်ကို ဘေးကင်းလုံခြုံစွာနဲ့ အသုံးပြုကြဖို့ မိမိတို့ မျှော်လင့်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်ဂျက်လေယာဉ်သည် အမေရိကန်လေယာဉ်တောင်ပံမှ ပေ ၁၀ အကွာထိ ချဉ်းကပ်လာကာ ဦးပိုင်းနှင့် ပေ ၂၀ သာကွာဝေးတော့ခြင်းကြောင့် အမေရိကန်လေယာဉ်သည် မနည်း ရှောင်လွှဲခဲ့ရကြောင်း စစ်ဘက်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်က တရုတ်အစိုးရနှင့် ယင်းကိစ္စကို ဆွေးနွေးခဲ့ကြောင်း တခြားအမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်းသို့ အမေရိကန်သင်္ဘောနှင့် လေယာဉ်များ စေလွှတ်ခြင်းသည် ငြိမ်းချမ်းရေး အတွက် အလားအလာမကောင်းကြောင်း တရုတ်က ယခင်က ပြောကြားထားသည်။
အမေရိကန်စစ်သင်္ဘောနှင့် လေယာဉ်များသည် ထောက်လှမ်းရေးစစ်ဆင်ရေးများနှင့် ဒေသတွင်း ဖြတ်သန်း သွားလာမှုများကို ပုံမှန်လုပ်ဆောင်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly