KIO ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်အပါအဝင် ထိပ်တန်းရာထူးများအပြောင်းအလဲလုပ်

By အဂမ် (ကချင်မြေ)
03 January 2023
KIO ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်အပါအဝင် ထိပ်တန်းရာထူးများအပြောင်းအလဲလုပ်

မဇ္ဈိမ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌရာထူးတွင် ယာယီအပြောင်းအလဲလုပ်သလို စစ်ဦးစီးချုပ်အပါအဝင် စစ်ဘက်ရာထူးများတွင်လည်း အပြောင်းအလဲများလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ကချင်လွတ်မြောက်ရေးကောင်စီ(KIO)၏ ဥက္ကဋ္ဌအင်ဘန်လ နေရာတွင် ယခင် ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ယာယီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းယူလိုက်သည်။

စစ်ဦးစီးချုပ်ရာထူးကို ယခင် ဒုတိယစစ်ဦးစီးချုပ်(၁) ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းကို ရာထူးတိုးမြှင့်လိုက်သည်။

ဥက္ကဋ္ဌသစ် ဂမ်ရှောင်မှာ ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး ကချင်တော်လှန်ရေး ဒုတိယမျိုးဆက်ဖြစ်ကာ စစ်ဦးစီးချုပ်သစ်မှာ စစ်ရေးကိစ္စနှင့် စစ်သင်တန်းကိစ္စရပ်များကို ထဲထဲဝင်ဝင် ဦးစီးနေခဲ့သူ ဖြစ်သည်။

စစ်ဦးစီးချုပ်(၂) ရာထူးကို မည်သူ့ကိုခန့်အပ်သည်ကို မသိရသေးသော်လည်း ဦးဆောင်သွားမည့်ခေါင်းဆောင်များကို လက်ရှိ စစ်သင်တန်းနှင့် စစ်ဗျူဟာများ အနီးကပ်ရေးဆွဲနေသော ခေါင်းဆောင်များကသာ ဦးဆောင်သွားမှာဖြစ်သည်ဟု ကချင်သတင်းအရင်းအမြစ်များကပြောသည်။

နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့သော ဥက္ကဋ္ဌဟောင်း အင်ဘန်လအနေဖြင့် မည်သည့်အတွက်ကြောင့် အနားယူသည်ကို မဇ္ဈိမအနေဖြင့် အတည်ပြုချက်မရသေးသော်လည်း ကျန်းမာရေးကြောင့် ဆေးကုသခံရန်လိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဇန်နဝါရီလ ၂ ရက်နေ့ကစ၍ ရာထူးအပြောင်းအလဲ အသက်ဝင်ခြင်းဖြစ်သည်။

KIO ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး KIA ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ ၁၀ ခုခန့်ဖြင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ၊ PDFအဖွဲ့များကို ဦးဆောင်ကာ အာဏာသိမ်းစစ်အုပ်စုကို တော်လှန်ရာတွင် အခရာကျ၍ အင်အားတောင့်တင်းသော အဖွဲ့ကြီးတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required