မကွေးတိုင်းက စစ်ကောင်စီတပ် ဂိတ်စခန်းကို ကျောင်းသားလက်ရုံးတပ်တော် ဝင်ရောက်တိုက်ခိုက်

By မိုးသောက် (မဲဆောက်)
03 January 2023
မကွေးတိုင်းက စစ်ကောင်စီတပ် ဂိတ်စခန်းကို ကျောင်းသားလက်ရုံးတပ်တော် ဝင်ရောက်တိုက်ခိုက်

မဲဆောက်(မဇ္ဈိမ)။ ။မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီ၏ ကန်တုတ်ဂိတ်စခန်းကို ဒီဇင်ဘာလ ၃၁ရက်နေ့နံနက်ပိုင်းတွင် ကျောင်းသားလက်ရုံးတပ်တော်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော်ဗဟိုကော်မတီဝင် ကိုမင်းလတ်ဥက္ကာက မဇ္ဈိမသို့ပြောသည်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နာရီဝက်နီးပါးအကြာတွင် စစ်ကောင်စီဘက်က စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးသွားပြီး ဗိုလ်ကြီးတစ်ဦးထိခိုက်သွားသည်ဟု ပြန်လည်သိရှိရကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။

“ပူးပေါင်းပြီးတိုက်ခိုက်ကြတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ကျောင်းသားလက်ရုံးတပ်တော်တစ်ခုတည်းက တိုက်ခိုက်ခဲ့တာပါ” ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းလတ်ဥက္ကာက မဇ္ဈိမသို့ပြောသည်။

ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားလက်ရုံးတပ်တော်သည် ၂၀၂၂ခုနှစ်တွင် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲအချို့ကိုသာ ထုတ်ပြန်သည်ကို တွေ့ရသည်။

ယခုနှစ်အတွင်း စီမံချက်ချထားသည့် စစ်ရေးအရ အစုအဖွဲ့များကို ပြုလုပ်နိုင်ခဲ့သော်လည်း နိုင်ငံရေးပိုင်းတွင်မူ မျှော်မှန်းထားသည့် အခြေအနေထိ တိုးတက်မှုမရသေးကြောင်း တပ်တော် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required