နှစ်ကူးအရက်ဝိုင်း ၁၀ ဦးသေ

နှစ်ကူးအရက်ဝိုင်း ၁၀ ဦးသေ

တရုတ်နိုင်ငံနှင့်နယ်စပ် လွယ်ဂျယ်မြို့တွင် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အုပ်စုဖွဲ့ အရက်သောက်စဥ် အမျိုးသား ၁၀ဦး သေဆုံးသွားခဲ့ရာ အရက်အဆိပ်သင့်ခဲ့သည်ဟု ယုံကြည်ရသည်။

လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အရက်ဆိုင်တစ်ဆိုင်တွင် အုပ်စုဖွဲ့ အရက် သောက်ခဲ့သည့် အမျိုးသား၁၂ဦးအနက် ဆယ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

" ဇန်နဝါရီ၂ရက်က ဖြစ်တာ။ နှစ်သစ်ကူးပွဲဆိုပြီး အုပ်စုဖွဲ့သောက်ကြတာ။ သောက်ပြီး မိနစ်ပိုင်းအကြာမှာပဲ သေကြတာ"ဟု လွယ်ဂျယ်မြို့ခံတစ်ဦးက ပြောသည်။

အသက် ၂၄ နှစ်မှ ၅၂ နှစ်အရွယ်ကြား အမျိုးသား ဆယ်ဦးသေဆုံးသွားခဲ့ခြင်းဟု လွယ်ဂျယ်မြို့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

" တစ်ယောက်စ နှစ်ယောက်က သေတာကနေ ဆယ်ယောက်အထိ သေသွားတာ။ တော်တော်လေး ထိန့်လန့်စရာပဲ။ တခါမှ မကြားဖူးဘူး"ဟု အဆိုပါ ကျန်းမာရေးဝန်ထမ်းကပြောသည်။

အဆိုပါအရက်ဆိုင်သည် ဗန်းမော်မြို့ရှိ အရက်ချက်စက်ရုံတစ်ခုမှ ဝယ်ယူရောင်းချခြင်းဖြစ်သောကြောင့် ယင်းစက်ရုံကိုလည်း ပိတ်သိမ်းလိုက်ကြောင်း လွယ်ဂျယ်မြို့မှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။ ထို့အပြင်အောင်ချမ်းသာရပ်ကွက်မှ အရက်ဆိုင်ပိုင်ရှင်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

" အရက်ကို ဓာတ်ခွဲစစ်သွားပါမယ်။ ရလဒ်ကိုတော့ မသိသေးဘူး " ဟု ဗန်းမော်မြို့မှ ရဲအရာရှိတစ်ဦးကပြောသည်။

လွယ်ဂျယ်မြို့သည် တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သလို နယ်စပ်ဂိတ်လည်းဖွင့်ထားသည်။ ဒေသတွင်း စာသောက်ကုန်များကို တရုတ်နိုင်ငံဖက်မှ တင်သွင်းသလို အနီးစပ်ဆုံးမြို့ဖြစ်သည့် ဗန်းမော်မြို့မှလည်း တင်သွင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly