တရုတ်၏ BRI ကို အကောင်အထည်ဖော်ရာတွင် နီပေါအနေဖြင့် နိုင်ငံအကျိုးစီးပွားကို ဦးစားပေးရန် လိုအပ် 

By Business-Standard
03 January 2023
တရုတ်၏ BRI ကို အကောင်အထည်ဖော်ရာတွင် နီပေါအနေဖြင့် နိုင်ငံအကျိုးစီးပွားကို ဦးစားပေးရန် လိုအပ် 

နီပေါနိုင်ငံသည် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို အကောင်အထည်ဖော်ရင်း မိမိ၏ အကျိုးစီးပွားများကို ဦးစားပေးရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများ၏ ပြောကြားချက်ကို ကိုးကား၍ Nepal Khabar က ဖော်ပြသည်။ 

နီပေါသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများကို အကောင်အထည်ဖော်ချိန်တွင် တရုတ်နှင့် ပိုမိုညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း လူ့မှုအသိုင်းအဝိုင်းပါဝင်မှုနှင့် ဖက်ဒရယ်ဌာနမှ ကြီးမှူးကျင်းပသော နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးသူများက ပြောကြားခဲ့သည်။ 
နိုင်ငံခြားရေးဝန်ကြီးဟောင်း ပရာဒီကူးမားဂါဝါလီက တရုတ်၏ BRI စီမံကိန်းများကို အကောင်အထည်ဖော်ရာ၌  နီပေါ အကျိုးစီးပွားကို ဦးစားပေးသင့်ကြောင်း ၁ ရက်တာကျင်းပသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
"BRI စီမံကိန်းတွေရဲ့ ရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ မဆွေးနွေးရသေးပါဘူး။ ခုတော့ ဆွေးနွေးရပါတော့မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ 
နီပေါသည် BRI စီမံကိန်းအရပေးသည့် အတိုးနှုန်းမြင့်မားသည့် စီးပွားဖြစ်ချေးငွေများကို လက်ခံနိုင်သည့် အနေ အထားမဟုတ်ကြောင်း အာဏာရ နီပေါကွန်ဂရက်၏ ပြောရေးဆိုခွင့်ရှိသူ ပရာကက်ရှ်ရှာရန်မာဟက်က ငြင်းချက်ထုတ်ခဲ့သည်ဟု Nepal Khabar က ဖော်ပြခဲ့သည်။
ယင်းအချိန်က ကာမယ်လ်ဒါဟယ်လ်ဦးဆောင်သော မော်ဝါဒီကွန်ဂရက်အစိုးရသည် ခါးပတ်လမ်းရပ်ဝန်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်မရေးထိုးမီ သေချာလေ့လာခဲ့ကြောင်း မာဟက်က ပြောသည်။
“BRI နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးတုန်းက နိုင်ငံတော်အကျိုးစီးပွားအတွက် ကျွန်တော်တို့ အစွမ်း ကုန် ကြိုးစားခဲ့ပါတယ်” ဟု မာဟက်က ပြောကြားခဲ့ပြီး နီပေါသည် လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘော တူညီချက်ကို လက်မှတ်ရေးထိုးရန် သဘောတူထားကြောင်း Nepal Khabar ဖော်ပြခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၇ ခုနှစ်တွင် တရုတ်နှင့် BRI နားလည်မှုစာချွန်လွှာအတွက် ညှိနှိုင်းခဲ့သော မာဟက်က နီပေါသည် BRI စီမံကိန်းများကို ဆောင်ရွက်မှသာ ထောက်ပံ့ငွေများကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly