တရုတ်နှင့် ရုရှားအစိုးရများ သတင်းကဏ္ဍတွင် ရည်မှန်းချက်ကြီးကြီးဖြင့် ပူးပေါင်းဆောင်ရွက်နေ

By ANI  
03 January 2023
တရုတ်နှင့် ရုရှားအစိုးရများ သတင်းကဏ္ဍတွင် ရည်မှန်းချက်ကြီးကြီးဖြင့် ပူးပေါင်းဆောင်ရွက်နေ

တရုတ်နှင့် ရုရှားတို့အကြား ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သော သတင်းရယူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများက နှစ်နိုင်ငံအစိုးရ၏ ကြီးမားသောရည်မှန်းချက်ကို ဖော်ပြနေကြောင်း အမေရိကန်အခြေစိုက် The Intercept သတင်းတွင် ဖော်ပြလိုက်သည်။

တရုတ်နှင့်ရုရှားအစိုးရခေါင်းဆောင်များနှင့် မီဒီယာများမှပုဂ္ဂိုလ်များသည် ဇူလိုင်လက သတင်းအကြောင်းအရာ ဖလှယ်ခြင်း၊ ဒစ်ဂျစ်တယ်မီဒီယာမဟာဗျူဟာများ ဖလှယ်ခြင်းနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းများ ပူးတွဲထုတ်လွှင့်ခြင်း အပါအဝင် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ဒါဇင်ပေါင်းများစွာကို အွန်လိုင်းထိပ်သီးအစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။
ထိပ်သီးအစည်းအဝေးကို ရုရှားဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ လူထုမီဒီယာဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတော်ရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံသည် သတင်းအချက်အလက်ဖလှယ်ရေးနယ်ပယ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ ရည်မှန်းချက်မြှင့်တင်ရေး၊ အရေးအကြီးဆုံး ကမ္ဘာ့ဖြစ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်တိကျစွာ သတင်းရယူနိုင်စေရေးအတွက် ဝါဒဖြန့်ချိရေးသဘောတူစာချုပ်တွင် ကတိပြုခဲ့ကြသည်။
နှစ်နိုင်ငံသည် သတင်းမှားများထုတ်လွှင့်နေသည့် အွန်လိုင်းနှင့် လူမှုကွန်ရက်များတွင် ပူးပေါင်းဆောင်ရွက်သွားရန်လည်း  စီစဉ်ထားသည်။
ပေါင်းစည်းမှု၊ နည်းပညာအသစ်များ အသုံးချမှုနှင့် နယ်ပယ်ဆိုင်ရာစည်းမျဉ်းများစသည့် ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားရန် ကတိပြုခဲ့ကြသည်။
ရုရှားမီဒီယာများတွင် တရုတ်ဘက် ယိမ်းသည့် သတင်းများဖော်ပြခြင်းကဲ့သို့သော ဝါဒဖြန့်ချိရေးဆိုင်ရာ သဘောတူညီချက်များရှိခဲ့ကြောင်း လွတ်လပ်သော ရုရှားသတင်းဝက်ဘ်ဆိုက် Meduza က ၂၀၂၀ ပြည့်နှစ်က ဖော်ပြခဲ့သည်" ဟု The Intercept က ဆိုသည်။
ယူကရိန်းစစ်ပွဲကာလအတွင်း ရုရှားနှင့် တရုတ်က ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်က စိုးရိမ်ပူပန်နေပြီး တရုတ်က ရုရှားအား စစ်ရေး သို့မဟုတ် ပိတ်ဆို့အရေးယူမှုကို ရှောင်ရှားနိုင်မည့် အကူအညီပေးမှု ရှိ မရှိနှင့် ပတ် သက်ပြီး တရုတ်၏ လှုပ်ရှားမှုကို အလေးထားစောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly