နယ်စပ်အရေးနှင့်စပ်လျဉ်း၍ တရုတ်နှင့်ဆက်ဆံရေး ပုံမှန်မဖြစ်သေးဟု အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ပြောကြား

By Devdiscourse
03 January 2023
နယ်စပ်အရေးနှင့်စပ်လျဉ်း၍ တရုတ်နှင့်ဆက်ဆံရေး ပုံမှန်မဖြစ်သေးဟု အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ပြောကြား

အိန္ဒိယသည် နယ်စပ်ထိန်းချုပ်မျဉ်း (LAC) အပေါ် တရုတ်၏ တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှကို လက်မခံနိုင်ကြောင်းနှင့် အိန္ဒိယနှင့် တရုတ်ဆက်ဆံရေးသည် ပုံမှန်မဖြစ်နိုင်သေးသလို အဓိကပြဿနာများကို အပေးအယူလုပ်မည် မဟုတ်ကြောင်း ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ပြောကြားလိုက်သည်။ 

ဂျိုင်ရှန်ကာသည်  ဒီဇင်ဘာ ၃၀ က မြေထဲပင်လယ်ဒေသနိုင်ငံဖြစ်သည့် ဆိုက်ပရပ်စ်သို့ ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိစဉ်  အိန္ဒိယအသိုက်အဝန်းကို မိန့်ခွန်းပြောကြားရာ၌ ပါကစ္စတန်ကို ဝေဖန်ခဲ့သလို အကြမ်းဖက်ဝါဒကို လက်နက်အဖြစ် အသုံးချပြီး အိန္ဒိယကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ တွန်းပို့၍မရကြောင်း  ပြောကြားခဲ့သည်။
အိန္ဒိယသည် ကိုဗစ်ကာလတွင် ပိုမိုပြင်းထန်လာသော နယ်စပ်ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဂျိုင်းရှန် ကာက ပြောကြားခဲ့သည်။ 
“အစစ်အမှန်ထိန်းချုပ်မျဉ်းကို တစ်ဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့က  ဘယ်တော့မှ သဘောတူမှာ မဟုတ်တဲ့အတွက် တရုတ်နဲ့ ဆက်ဆံရေးအခြေအနေက ပုံမှန်မဖြစ်သေးပါဘူး” ဟု ၎င်းက ဆိုသည်။ 
နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အဓိကပြဿနာကို အပေးအယူလုပ်မည်မဟုတ်ကြောင်းလည်း ဂျိုင်းရှန်ကာက အခိုင်အမာ ပြောကြားခဲ့သည်။
အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များသည် အာရူနားချားလ်ပြည်နယ် တာဝမ်ဒေသတွင် ဒီဇင်ဘာ ၉ ရက်က ပဋိပက္ခဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သား အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။ 
နှစ်နိုင်ငံအကြား ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စစ်ရေးပဋိပက္ခဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ဂယ်လ်ဝမ်တောင်ကြား၌ ဖြစ်ပွားခဲ့သော ထိပ်တိုက်ထိတွေ့မှုနောက်ပိုင်း ယင်းဖြစ်ရပ်သည် ပထမဆုံး အထင်ကရ တိုက်ခိုက်မှု ဖြစ်သည်။
အိန္ဒိယနှင့်တရုတ်တို့သည် နှစ်နိုင်ငံအကြား တင်းမာမှုဖြေရှင်းရန် ယခုအချိန်အထိ ဆွေးနွေးပွဲ ၁၇ ကြိမ် ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required