ကိုဗစ်ကူးစက် သေဆုံးမှုများအပေါ် တရုတ်က ပွင့်လင်းမြင်သာမှုမရှိကြောင်း ဗြိတိန်ဗိုင်းရပ်စ်ဗေဒပညာရှင် ပြောကြား

By ANI
03 January 2023
ကိုဗစ်ကူးစက် သေဆုံးမှုများအပေါ် တရုတ်က ပွင့်လင်းမြင်သာမှုမရှိကြောင်း ဗြိတိန်ဗိုင်းရပ်စ်ဗေဒပညာရှင် ပြောကြား

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံသည် အငြင်းပွားဖွယ် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပြီးခဲ့သည့်လက ဖြေလျှော့လိုက်ကတည်းက နိုင်ငံတစ်ဝန်းတွင် တစ်ဟုန်ထိုး ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရကာ နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။ 

တရုတ်နိုင်ငံသည် ရောဂါဖြစ်ပွားမှုအရေအတွက် သို့မဟုတ် သေဆုံးမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိကြောင်းနှင့် တိကျသောအချက်အလက်များရရှိမှသာလျှင် တရုတ်နိုင်ငံနှင့် အခြားနေရာများတွင် ကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဟု နယူးယောက်အခြေစိုက်အင်န်ဂျီအိုအဖွဲ့ Bioscience Resource Project မှ အမှုဆောင်ဒါရိုက်တာ ဖြစ်သည့် ဗြိတိန်ဗိုင်းရပ်စ်ဗေဒပညာရှင်နှင့် ဇီဝဗေဒပညာရှင် ဂျိုနက်သန်လက်ဟမ်က ပြောကြားခဲ့သည်။ 
"တရုတ်နိုင်ငံဟာ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်နဲ့ ပတ်သက်ပြီး  ပွင့်လင်းမြင်သာမှုမရှိပါဘူး။ နိုင်ငံအတော် များများမှာလည်း ဒီလိုပါပဲ။ ဒါပေမဲ့ အချိန်နဲ့တစ်ပြေးညီ တိကျတဲ့ အချက်အလက်တွေရမှာသာ တရုတ်နဲ့ အခြားနေရာတွေမှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်တာကြောင့် အဲဒါနဲ့ပတ်သက်ပြီး မှန်ကန်တိကျတဲ့အချက်အလက်တွေရရင် ပိုကောင်းပါလိမ့်မယ်။  အိုမီခရွန်လို မျိုးကွဲသစ်တွေဟာ သေဆုံးနှုန်းနည်းတယ်ဆိုတဲ့ သီအိုရီကို မှန်ကန်ကောင်းမွန်တဲ့အချက်အလက်တွေနဲ့ စမ်းသပ်နိုင်ပါတယ်” ဟု ဂျိုနက်သန်က ANI  သို့ပြောသည်။
"အာဏာပိုင်တွေဟာ ကူးစက်ရောဂါတုံ့ပြန်မှုတွေကို ယေဘုယျအားဖြင့် သေချာမစဉ်းဘဲ လုပ်ဆောင်ကြပါတယ်။ ဒီနေ့နဲ့ ပြီးခဲ့တဲ့ ၂၀၁၉/၂၀၂၀ က တရုတ်ရဲ့ သတိပေးချက်တွေ မတူတာဟာ သံသယဖြစ်ဖွယ်ရှိပါတယ်။ တရုတ်ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်က အနောက်နိုင်ငံတွေရဲ့ သတိပေးချက်တွေကိုတောင် မသိကျိုးကျွံပြုခဲ့တယ်” ဟု ဂျိုနက်သန်က ဆိုသည်။ 
ဗိုင်းရပ်စ်ဗေဒပညာရှင်တစ်ဦးဖြစ်သည့် ဂျိုနက်သန်သည် ကပ်ရောဂါမဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်တွင် ကိုဗစ်-၁၉ ၏ မူလဇာစ်မြစ်နှင့် အစောပိုင်းဖြစ်ရပ်များကို လေ့လာနေခဲ့သည်။ တရုတ်နိုင်ငံသည် သတိပေါ့လျော့ခဲ့မှုကြောင့် ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်ခဲ့ပုံရသည်ဟု ဂျိုနက်သန်က တရုတ်၏ အငြင်းပွားဖွယ် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
“အဝေးကနေ သေချာသိဖို့က ခက်ပေမယ့် တရုတ်ဟာ ကာလကြာရှည် ကြုံခဲ့ရတဲ့ ကိုဗစ်ရောဂါကို မထိန်းချုပ်နိုင်တော့ပုံပေါ်တယ်။ ဖြစ်နိုင်တာကတော့ မျိုးကွဲသစ်တွေက အရင်က အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ခဲ့တဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေထက် ပိုကူးစက်နိုင်လို့ပါပဲ။ တရုတ်မှာ စောင့်ကြည့်မှုလျှော့ချခဲ့တာကလည်း ရောဂါကူးစက်မှုရဲ့ အဓိကအကြောင်းရင်းဖြစ်ဖွယ်ရှိတယ်။” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကိုဗစ်ကျွမ်းကျင်ပညာရှင်များသည် ဒီဇင်ဘာ ၃၀ ရက်က တရုတ်တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး တိကျသော အန္တရာယ်အကဲဖြတ်မှုများပြုလုပ်ရန်နှင့် ထိရောက်သောတုံ့ပြန်မှုကို အသိပေးရန် အချက်အလက်များကို ပွင့်လင်းမြင်သာစွာနဲ့ ပုံမှန်ဝေမျှခြင်း၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည် ဟု  WHO အကြီးအကဲ တက်ဒရော့စ်အက်ဒါနွမ်ဂေဘရေရယ်ဆွတ်က ပြောကြားခဲ့သည်။ 

ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့်အခြေအနေအပေါ်  အချက်အလက်များကို ထပ်မံရှာဖွေရန်နှင့် WHO ၏ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့် နောက်ထပ်ပံ့ပိုးမှုများကို ပေးအပ်ရန် WHO နှင့် တရုတ်နိုင်ငံတို့အကြား အဆင့်မြင့်အစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly