တရုတ်တွင် ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူဦးရေ ၉ ၀၀၀ အထိ တိုးလာ

By ANI
03 January 2023
တရုတ်တွင် ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူဦးရေ ၉ ၀၀၀ အထိ တိုးလာ

တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါကြောင့်သေဆုံးသူဦးရေသည် ၁ ရက်လျှင် ၉ ၀၀၀ အထိတိုးလာကြောင်း အချက်အလက်ကုမ္ပဏီ Airfinity ကိုကိုးကား၍ ဩစတြေးလျအခြေစိုက် news.com.au သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်တွင် ရောဂါကူးစက်မှုအရေအတွက်တိုးလာခြင်းကြောင့် ဗြိတိန်အခြေစိုက် သုတေသနအဖွဲ့ Airfinity သည် ကိုဗစ်ကြောင့် သေဆုံးသူဦးရေကို  ၎င်းခန့်မှန်းထားသည်ထက် ၂ ဆတိုးတွက်ချက်ခဲ့ရကြောင်း The news.com.au  က ဖော်ပြခဲ့သည်။ နှစ်ရှည်လများချမှတ်ထားသည့် တင်းကြပ်သော ကိုဗစ်လုံးဝကင်းစင်ရေးစီမံချက်များကို ရုပ်သိမ်းပြီးနောက် တရုတ်တွင် ရောဂါကူးစက်မှု များပြားလာခြင်းဖြစ်သည်။  
ရှင်ကျန်းတွင် တိုက်ခန်းတစ်ခုမီးလောင်မှုအတွင်း လူ ၁၀ ဦး သေဆုံးပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းတွင် ပြင်းထန်သော အသွားအလာပိတ်ဆို့မှုများအပေါ် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ သီးသန့်ခွဲခြားနေထိုင်ရေးကန့်သတ်ချက်ကြောင့် မီးသတ်သမားများသည် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခွင့်မရကြောင်း စွပ်စွဲပြောဆိုမှုများလည်း ရှိခဲ့သည်။
တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၉ မြို့တွင် ဆူပူဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသောကြောင့် အာဏာပိုင်များက ကိုဗစ်မူဝါဒကို ပြင်ဆင်ခဲ့သည်။
တရုတ်နိုင်ငံတွင် ဒီဇင်ဘာလအတွင်း ကိုဗစ်နှင့်ဆက်စပ်သည့် သေဆုံးသူစုစုပေါင်းသည် ၁ သိန်းထိရှိနိုင်ပြီး ရောဂါကူးစက်ခံရသူ ၁၈ ဒသမ ၆ သန်းထက်မနည်း ရှိသည်။ ကိုဗစ်ကူးစက်မှုမှာ ဇန်နဝါရီလလယ်တွင် ၁ ရက်လျှင် ၃ ဒသမ ၇ သန်းအထိ ရှိလာနိုင်သလို ဇန်နဝါရီ ၂၃ ရက်အထိ တရုတ်နိုင်ငံတွင် သေဆုံးသူ စုစုပေါင်း ၅၈၄ ၀၀၀ ဦးရှိမည်ဟု ခန့်မှန်းထားသည်။
တရုတ်သည် ကိန်းဂဏန်းများကို အတိအကျ အကဲမဖြတ်နိုင်လောက်အောင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ထိန်ချန်ထားကြောင်း  စွပ်စွဲခံထားရသည်ဟု news.com.au တွင် ဖော်ပြထားသည်။ သို့သော် နိုင်ငံ၏ လက်ရှိရောဂါဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် အဆိုးဆုံးဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေး ကော်မရှင် (NHC)က ပြီးခဲ့သည့်အပတ်က အတည်ပြုထားသည်။
"တရုတ်နိုင်ငံသား ၁ ဘီလီယံကျော်ဟာ မတ်လလောက်မှာ ကိုဗစ်ကူးစက်ခံရနိုင်ပါတယ်။ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် သန်း ၄၀၀ အထိ ရောဂါကူးစက်ခံထားရပြီးလောက်ပါပြီ” ဟု ဩစတြေးလျဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်သည် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိသော်လည်း ပြင်းထန်သော လက္ခဏာများ မပြပါက  အလုပ်သွားကြရန် အလုပ်သမားများကို တိုက်တွန်းထားသည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လက အငြင်းပွားဖွယ် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖြေလျှော့ပေးလိုက်ကတည်းက နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly