တရုတ်နိုင်ငံ၏ အာဖဂန်နစ္စတန်ဆိုင်ရာမူဝါဒတွင် လုံခြုံရေးက ထိပ်တန်းဦးစားပေးမှုအဖြစ် ဆက်ရှိနေ

By VOA
03 January 2023
တရုတ်နိုင်ငံ၏ အာဖဂန်နစ္စတန်ဆိုင်ရာမူဝါဒတွင် လုံခြုံရေးက ထိပ်တန်းဦးစားပေးမှုအဖြစ် ဆက်ရှိနေ

အမေရိကန်နှင့် နေတိုးအဖွဲ့တို့ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားပြီးနောက် ၁ နှစ်ကျော်ကြာသည်အထိ အာဖဂန်နစ္စတန်ဆိုင်ရာတရုတ်နိုင်ငံ၏မူဝါဒတွင် လုံခြုံရေးကိစ္စရပ်များက ဆက်လက်လွှမ်းမိုးထားဆဲဖြစ်သည်။
တရုတ်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကတိပြုကာ ချင်းနင်းဝင်ရောက်လာပြီး တာလီဘန်အစိုးရသစ်နှင့် ထိတွေ့ဆက်ဆံလျက်ရှိသည်။ သို့သော် အာဖဂန်နစ္စတန်မှ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသသို့ စစ်သွေးကြွများ စိမ့်ဝင်လာနိုင်သည့် အလားအလာ၊ ဒေသတွင်း အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် လုံခြုံရေးနှင့် အာဖဂန်နစ္စတန်ရှိ တရုတ်နိုင်ငံသားများအတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ခိုရာဆန်ပြည်နယ်မှ အိုင်အက်စ်အဖွဲ့ခွဲက  တရုတ်နိုင်ငံသားများ မကြာခဏ လာရောက်လေ့ရှိသည့် ကဘူးလ်ဟိုတယ်ကို တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၂ ရက်က ပြောခဲ့သည်။
တရုတ်အစိုးရက  ၎င်းနိုင်ငံသားများနှင့် ကုမ္ပဏီများအား အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ အမြန်ဆုံးထွက်ခွာရန်နှင့် လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းရန် အကြံပေးခဲ့သည်။ 
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူကာဟာ ဘာခီက ကဘူးလ်ရှိ နိုင်ငံခြားသံရုံးများအား လုံခြုံရေးပေးခြင်းသည် တာလီဘန်၏ ဦးစားပေးဖြစ်ကြောင်း ကဘူးလ်ဟိုတယ်တိုက်ခိုက်မှုမတိုင်မီ ၁ ရက်အလိုတွင် ပြောကြားခဲ့သည်။
ကဘူးလ်ရှိ တရုတ်သံတမန်အဖွဲ့၏ လုံခြုံရေးကို အလေးပေးရန် တရုတ်သံအမတ်က တာလီဘန်များအား တောင်းဆိုခဲ့သည်ဟု ဘာခီက ပြောသည်။
“အခြားနိုင်ငံတွေကို တိုက်ခိုက်ဖို့ အာဖဂန်နစ္စတန်မြေကို အသုံးချတာကို တာလီဘန်က ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု တာလီဘန်က တရုတ်ကို အာမခံထားကြောင်း ဘာခီက ပြောသည်။
“အာဖဂန်နစ္စတန်မှာရှိတဲ့ တရုတ်ရဲ့ အဓိက အကျိုးစီးပွားတွေဟာ လုံခြုံရေးကိစ္စရပ်တွေ ဖြစ်နေတုန်းပါပဲ။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ဝီဂါဒေသတွဆီ စစ်သွေးကြွတွေ စိမ့်ဝင်မှုမှန်သမျှကို တားဆီးဖို့ပါ” ဟု ပြည်သူ့ရေးရာမူဝါဒအဖွဲ့အစည်းဖြစ်သည့် ဝါရှင်တန်အခြေစိုက် Brookings Institution မှ အကြီးတန်းတာဝန်ရှိသူ ဗန်ဒါဖယ်ဘက်ဘရောင်းက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ပထမအကြိမ်အုပ်ချုပ်သည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဝီဂါ စစ်သွေးကြွများ အပါအဝင် ပြည်ပအစွန်းရောက်အဖွဲ့ အများအပြားကို ခိုလှုံခွင့်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required