တရုတ်တွင် ကိုဗစ်မူဝါဒအဆင့်သစ်ရောက်ချိန် စည်းလုံးညီညွတ်ကြရန် ရှီကျင့်ဖျင် တိုက်တွန်း

By Reuters
03 January 2023
တရုတ်တွင် ကိုဗစ်မူဝါဒအဆင့်သစ်ရောက်ချိန် စည်းလုံးညီညွတ်ကြရန် ရှီကျင့်ဖျင် တိုက်တွန်း

တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံသည် ကိုဗစ်-၁၉ တိုက်ဖျက်ရာတွင် အဆင့်သစ်သို့ ချင်းနင်းဝင်ရောက် လာပြီဖြစ်သဖြင့် ပိုမိုအားစိုက်ထုတ်ရန်နှင့် စည်းလုံးညီညွတ်ရန် ဒီဇင်ဘာ ၃၁ ရက်က တိုက်တွန်းလိုက်ပြီး အစိုးရက လွန်ခဲ့သည့် ၃ ပတ်ခန့်က နည်းလမ်းပြောင်းကာ တင်းကျပ်သော အသွားအလာပိတ်ဆို့မှုများနှင့် အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်ခြင်းလုပ်ဆောင်သည့် မူဝါဒကို ဖြေလျှော့ပေးခဲ့ပြီးနောက် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြည်သူသို့ပြောကြားသည့် မိန့်ခွန်းတွင် ရှီက ထိုသို့ မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။
ရှီက တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မကြုံစဖူး အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှားခဲ့သလို  အခြေအနေနှင့် အချိန်အခါအလိုက် နိုင်ငံ၏ မူဝါဒများကို  လိုအပ်သလို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ကြောင်း နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
"ကပ်ရောဂါဖြစ်ပွားပြီးကတည်းက ကေဒါများနှင့် လူထုအများစု အထူးသဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အောက်ခြေအလုပ်သမားတွေဟာ အခက်အခဲတွေကို ဇွဲသတ္တိရှိရှိ ကြံ့ကြံ့ခံခဲ့ကြပါတယ်" ဟု ရှီက ပြောကြားခဲ့သည်။
"လက်ရှိမှာ ကပ်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဟာ အဆင့်သစ်ကို ရောက်နေပါပြီ။ ရုန်းကန်နေရတုန်းပါပဲ။ လူတိုင်းက သည်းခံကြိုးပမ်းနေပြီး အရုဏ်ကျဉ်းလို့ အလင်းကိုမြင်နေရပါပြီ။ ပိုကြိုးစားကြပါစို့။ မဆုတ်မနစ်ကြိုးပမ်းမှုနဲ့ စည်းလုံးညီညွတ်မှုဟာ အောင်ပွဲပါပဲ။" ဟု ရှီက ဆိုသည်။
တရုတ်သည် အစုလိုက်အပြုံလိုက်စမ်းသပ်မှု၊ သီးသန့်ခွဲခြားနေထိုင်မှုနှင့် အသွားအလာပိတ်ဆို့မှုအပေါ် အခြေခံသည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနည်းလမ်းကို ယခုလအစောပိုင်းက ဖျက်သိမ်းခဲ့သည်။
မူဝါဒအပြောင်းအလဲကြောင့် နိုင်ငံတစ်ဝန်း ကူးစက်မှုများပြားလာခြင်း၊ စီးပွားရေးလုပ်ငန်းများ ထပ်မံ ကျဆင်းလာခြင်းနှင့် နိုင်ငံတကာ၏ စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ဗြိတိန်နှင့် ပြင်သစ်တို့သည် တရုတ်နိုင်ငံမှ ခရီးသွားများကို တားမြစ်ပိတ်ပင်သည့် နောက်ဆုံးနိုင်ငံများ ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly