ပါကစ္စတန်တွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် အာဖဂန်ရွှေ့ပြောင်း ၁၂၀၀ ခန့် အကျဉ်းချခံထားရ

By ANI
03 January 2023
ပါကစ္စတန်တွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် အာဖဂန်ရွှေ့ပြောင်း ၁၂၀၀ ခန့် အကျဉ်းချခံထားရ

ပါကစ္စတန်ရဲတပ်ဖွဲ့က တောင်ပိုင်းဆိပ်ကမ်းမြို့တော် ကရာချိမြို့သို့ ဝင်ရောက်လာသော အထောက်အထားမဲ့ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အာဖဂန်ရွှေ့ပြောင်းနေထိုင်သူ ၁၂၀၀ ထက်မနည်းကို ထိန်းသိမ်းထားကြောင်း The Diplomat မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကလေးငယ်များ၏ ဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာပြီးနောက် အာဖဂန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ထိုဖြစ်ရပ်အပေါ် ဝေဖန်ရှုတ်ချခဲ့ကြသည်။  ထိုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းမှုသည် အိမ်နီးချင်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုကို ဖော်ပြနေကြောင်း တာဝန်ရှိသူများကို ကိုးကားပြီး ဝါရှင်တန်အခြေစိုက် The Diplomat မဂ္ဂဇင်းက  ဖော်ပြခဲ့သည်။
ထိမ်းသိမ်းခံထားရသူများအား ပြစ်ဒဏ်ကျခံစေပြီးနောက် သို့မဟုတ် ၎င်းတို့ကို လွှတ်ပေးရေးအတွက် ရုံးလုပ်ငန်းစဉ်များ ပြီးဆုံးပါက  အာဖဂန်နစ္စတန်သို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် အစိုးရတာဝန်ရှိသူများက ပြောသည်။ ထိမ်းသိမ်းခံထားရသူအများစုက နေရပ်ပြန်ရန် ဆန္ဒရှိကြသည်ဟု ဒေသဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။
အာဖဂန်ဒုက္ခသည်များ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းနှင့် ဓာတ်ပုံများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဒီဇင်ဘာ ၂၉ ရက်က သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 
“ဆင်းဒ်ပြည်နယ် အထူးသဖြင့် ကရာချိမြို့မှာ အာဖဂန်ဒုက္ခသည်တွေ ဖမ်းဆီးထိန်းသိမ်းခံရထားရတဲ့ ဓာတ်ပုံနှင့်သတင်းတွေကို တွေ့မြင်ရတာ UNHCR အနေနဲ့ အလွန်စိုးရိမ်မိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကလေးငယ်တွေနဲ့ မိသားစုတွေကို အကျဉ်းမချထားသင့်ပါဘူး” ဟု ပါကစ္စတန်ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့က တွစ်တာ၌ ရေးသားထားသည်။
ကလေးငယ် ၁၇၈ ဦးနှင့်အတူ တရားမဝင် ဝင်ရောက်လာသော အာဖဂန်အမျိုးသမီး ၁၂၉ ဦးကို အကျဉ်းချထားသော်လည်း အသက်မပြည့်သေးသူများကို ဖမ်းဆီးခြင်းမရှိကြောင်း ဆင်းဒ်ပြည်နယ်ဝန်ကြီး ရှာဂျီးမီမွန်က ဒီဇင်ဘာ ၃၀ ရက်က ပြောကြားခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။
“အချုပ်ထဲမှာ အမေတွေနဲ့အတူနေနေတဲ့ ကလေးငယ် ၁၇၈ ယောက်ဟာ ဖမ်းဆီးခံထားရတာ မဟုတ်ပါဘူး။ အသက် ၇ နှစ်အောက်ကလေးတွေကို ထောင်ထဲမှာ သူတို့အမေတွေနဲ့အတူ နေခွင့်ပေးနိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်” ဟု ကရာချိမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌  ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ခေါင်းဆောင်က ပြောကြားခဲ့သည်။
သံတိုင်များနောက်၌ ထိန်းသိမ်းခံထားရသော ကလေးငယ်များ၏ ဓာတ်ပုံသည် လူမှုမီဒီယာတွင် ပျံ့နှံ့သွားခဲ့ကာ လူ့အခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ပါကစ္စတန်ဘက်က ယခုကဲ့သို့ တုံ့ပြန်ပြောကြားလာခြင်းဖြစ်သည်။
ခိုလှုံခွင့်တောင်းခံသည့် အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးမှုအတွက် လူများကို ပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ရာဇဝတ်သားကဲ့သို့ မဆက်ဆံသင့်ကြောင်း  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက ပြောကြားခဲ့ပြီး ဘေးလွတ်ရာရှောင်တိမ်းသူများကို ဆက်ကာကွယ်ရန် ပါကစ္စတန်အပါအဝင် အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံများကိုလည်း တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly