မန္တလေးမြို့တွင် စစ်ကောင်စီသတင်းပေး ပစ်ခတ်ခံရ

မန္တလေးမြို့တွင် စစ်ကောင်စီသတင်းပေး ပစ်ခတ်ခံရ

မန္တလေး(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး လမ်းပေါ်၌ ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“နာမည်က အောင်ကျော်မြင့်တဲ့၊ ဟိုတလောက ပြောက်ကျားရဲဘော်တွေ အလစ်အငိုက်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ စစ်တပ်ကိုသတင်းပေးတဲ့ကောင်ပေါ့၊ နေ့လယ်က စစ်တပ်အခြံအရံနဲ့ လမ်းမှာ ဖမ်းဆီးရေးလုပ်နေတုန်း ပစ်ခံရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ဇန်နဝါရီ ၂ ရက် နေ့လယ် ၁ နာရီ၀န်းကျင်ခန့်က ပုသ်ိမ်ကြီးမြို့နယ် ရေထွက်လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့လုံခြုံရေးဖြင့် လမ်းသွားလမ်းလာများအား စစ်ဆေးနေစဉ် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသူသည် ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးဒလန်ဟုနာမည်ကြီးနေသူ အောင်ကျော်မြင့်ဖြစ်ပြီး၊ ၎င်းအား မည်သည့်အဖွဲ့မှ လုပ်ဆောင်သွားကြောင်း မသိရသေးဘဲ၊ သေဆုံးခြင်းရှိမရှိနှင့်ပတ်သက်၍လည်း ယနေ့ညနေပိုင်းအထိ အတည်မပြုနိုင်သေးပေ။

“ခုထိတော့ မသေသေးဘူး၊ သေဖို့များပါတယ်၊ ဖရဲသီးသတင်းအရ သိရတာပါ” ဟု ပုသိမ်ကြီးမြို့ခံ တော်လှန်ရေးအင်အားစုမှ တစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ ၃၄ လမ်း ၊၈၉ လမ်းနှင့် လမ်း ၉၀ ကြားတွင် ကျောက်ပွဲစားဆိုသူ ဦး၀င်းအောင် (အသက် ၅၀ နှစ်) နေအိမ်ရှေ့၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး ၎င်းအသတ် ခံရမှုနှင့်ပတ်သက်၍လည်း ဖြစ်စဉ်ကိုမသိရသေးပေ။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly