၂၀၂၃ခုနှစ်သည် “ချင်းပြည်ထောင် တည်ဆောက်ရေးနှစ်” ဟု CJDC ဥက္ကဋ္ဌ ဆို

၂၀၂၃ခုနှစ်သည် “ချင်းပြည်ထောင် တည်ဆောက်ရေးနှစ်” ဟု CJDC ဥက္ကဋ္ဌ ဆို

မဇ္စျိမ ။။ ၂၀၂၃ ခုနှစ်သည် ချင်းတစ်မျိုးသားလုံးအတွက် အင်မတန်မှ အရေးပါသည့်ကာလသို့ ချင်းနင်းဝင်ရောက်သည့်နှစ်ဖြစ်သကဲ့သို့ “ချင်းပြည်ထောင်တည်ဆောက်ရေး (National Building) နှစ်” ဟု ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ဥက္ကဋ္ဌ Salai Thla Hei ၏ နှစ်သစ် နုတ်ခွန်းဆက်သဝဏ်လွှာကို ဇန်နဝါရီလ ၁ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်ထောင်တည်ဆောက်ရေး (National Building) နှစ်”ဟူသော ဆောင်ပုဒ်ဖြင့် ချင်းအမျိုးသားတော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်သွားရန် နှင့် ပြည်သူများအနေဖြင့် မိမိတို့ဒေသနှင့် မြို့နယ်အဆင့်များကိုကျော်လွန်ပြီး အမျိုးသားတစ်ရပ်အဆင့်အနေဖြင့် စုစည်းနိုင်ရေး အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းကြောင်း ဆိုသည်။

၂၀၂၂ခုနှစ်တစ်လျှောက် ချင်းအမျိုးသားတော်လှန်ရေးတွင် ပါဝင်ကြသော တော်လှန်ရေး ရဲဘော်များနှင့်တကွ CJDC အဖွဲ့ဝင်အသီးသီးသို့ ငွေကြေးအားဖြင့်ဖြစ်စေ ၊ တခြား တတ်စွမ်းနိုင်သည့် အခန်းကဏ္ဍအသီးသီးမှ ကူညီထောက်ပံ့ပေးခြင်း ၊ ကျရာတာဝန်ကို ကျေပွန်စွာပါဝင်ထမ်းဆောင်သူများအားလုံကို ဦးညွှတ်ဂါရဝပြုကြောင်းနှင့် နောင်အနာဂါတ်တွင် ဆတက်ထမ်းပိုး ပါဝင်ကြရန် နှိုးဆော်အပ်ကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ အရေးကြီးသည့်ကာလတွင် နေရာအသီးသီး၌ရှိကြသော ချင်းလူမှုအဖွဲ့ အစည်းများ၏ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဘာသာပေါင်းစုံမှ သာသနာပြုပုဂ္ဂိုလ်များ ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ဤအမျိုးသားတော်လှန်ရေးတွင် ချင်းပြည်သူတစ်ရပ်လုံး နိုးကြားမှုရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားသည်။

ချင်းပြည်သူတစ်ရပ်လုံးနှင့်တစ်ကွ CJDC အဖွဲ့ဝင်များအားလုံး နှစ်သစ်တွင် မင်္ဂလာ အပေါင်းနှင့် ခညောင်း၍ ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း နှင့် ဘုရား သခင်၏ ချစ်ခြင်းမေတ္တာ ၊ ငြိမ်သက်ခြင်း ၊ ကောင်းချီးမင်္ဂလာများဖြင့် အစဉ်ကာကွယ် စောင်မပါစေကြောင်း ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဆုတောင်း မေတ္တာပို့သထားသည်။

Chinland Joint Defense Committee (CJDC) သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ချင်းအမျိုးသားတပ်ဦး/တပ်မတော် နှင့် ချင်းလူမျိုးများနေထိုင်ရာ မြို့နယ် /ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် စစ်ရေးဆိုင်ရာတွင် အချိတ်ဆက် ရှိရှိ၊ ထိထိရောက်ရောက်၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။

ထို့အတူ ကြားကာလ ချင်းအမျိုးသားကောင်စီ (ICNCC) မှလည်း ယခုအချိန်သည် ချင်းလူမျိုးတို့၏သမိုင်းတွင် အလွန်အရေးကြီးသည့် အချိန်ကာလဖြစ်ရာ ပြည်သူများအပါအဝင် ချင်းတော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် ညီညွတ်သော ချင်းပြည် တည်ဆောက်နိုင်ရေးအတွက် မတူညီမှုများအပေါ် အခြေမတည်ဘဲ ဘုံရည်မှန်းချက်အပေါ် အခြေပြုကာ အပြန်အလှန်လက်ခံခြင်း ၊ တစ်ဦးနှင့်တစ်ဦး သဘောထား ကြီးခြင်းများဖြင့် စည်းလုံးညီညွတ်စွာ ဘုံရည်မှန်းချက်ရောက်သည်အထိ အချင်းချင်း လက်တွဲမဖြုတ်စတမ်း စိတ်ရှည်သည်းခံလျက် ကြိုးပမ်းကြရန် အလေး အနက် တိုက်တွန်းကြောင်း ၎င်းတို့၏ နှစ်သစ်ကူးသဝဏ်လွှာတွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required