ရန်ကုန်-မြိတ် ပြေးဆွဲနေသည့် ရွှေဝယ်သူခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရ

ရန်ကုန်-မြိတ် ပြေးဆွဲနေသည့် ရွှေဝယ်သူခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရ

မဲဆောက်(မဇ္ဈိမ) ။ ။ ရန်ကုန်မှ မြိတ်သို့ မောင်းနှင်လာသော ရွှေဝယ်သူခရီးသည်တင်ယာဉ် ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက်ခံရကြောင်း ခရီးသည်တင်ယာဉ်လိုင်းမှ သိရသည်။

လူ ၁၀ ဦးကျော်ပါသည့် အရပ်ဝတ်နှင့် လက်နက်ကိုင်အဖွဲ့က ခရီးသည်များထံမှ ရွှေထည် လက်ဝတ် လက်စားများကို ဓားပြတိုက် ယူဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

ခရီးသည် ၃၀ ကျော် စီးနင်းလိုက်ပါလာသည့် ရွှေဝယ်သူ ခရီးသည်တင်ယာဉ်ကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီခွဲ ဝန်းကျင်အချိန်တွင် မလွှဲတောင် မရောက်မီ မွန်ပြည်နယ်အတွင်း ဓားပြတိုက်ခံရခြင်း ဖြစ်သည်ဟု ရွှေဝယ်သူ ခရီးသည်တင်ယာဉ်အသင်းဂိတ်မှူးထံမှ သိရသည်။

“အရပ်ဝတ်နဲ့ လူ ၁၀ ယောက်ကျော်က သေနတ်တွေနဲ့ ကားပေါ်က အကုန်ဆင်းခိုင်းပြီး အချိန်မရှိဘူး ဆိုပြီး ရှိတာတွေအကုန် ထုတ်ခိုင်းတယ်။ ဖုန်းတွေ ဆိုရင် အကုန်လုံး ယူသွားတယ်”ဟု ဓားပြတိုက်ခံရသည့် အခြေအနေကို ရွှေဝယ်သူ ခရီးသည်တင်ယာဉ်အသင်းမှ ဂိတ်မှူးက ပြောပြသည်။

အဆိုပါ ခရီးသည်တင်ယာဉ်ကို အရပ်ဝတ်နှင့် လက်နက်ကိုင်အဖွဲ့က ဓားပြတိုက်ခြင်းဖြစ်၍ မည်သည့်အဖွဲ့က ဆိုသည်ကိုမူ အတိအကျ မပြောနိုင်‌ ကြောင်း တာဝန်ရှိသူ ဂိတ်မှူးက ပြောသည်။

ဓားပြတိုက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့က ၎င်းတို့ ဓားပြ တိုက်ခဲ့သည့် ရွှေထည်၊ လက်ဝက် လက်စားများကို ယူပြီး ခရီးသည်တင်ကားကို ပြန်လွှတ်ပေး လိုက်ကြောင်း သိရသည်။

ယင်း ဓားပြ တိုက်ခံရမှုကြောင့် ခရီးသည်များ၏ ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် သိန်း ၁၀၀ ကျော်မှ ၂၀၀ နီးပါး ရှိနိုင်ကြောင်း အဆိုပါယာဉ်လိုင်းထံမှ သိရ သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required