နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုများ ရပ်ဆိုင်း

နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုများ ရပ်ဆိုင်း

(မဇ္ဈိမ)။ ။ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများကို ပိတ်ထား ပြီး နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ထုတ်ပေးမှုများကို ယနေ့ ဇန်နဝါရီလ ၂ ရက်မှစတင်ကာ ရပ်ဆိုင်းထား ကြောင်း သိရသည်။

“သတင်းထွက်နေတာကတော့ အရင်အပတ်ထဲက၊ ဒီနေ့မှလုံးဝပိတ်လိုက်တာ။ ဒီနေ့ QR သုံးလကြိုရထား ပြီးသူတွေ သွားလုပ်တာ ရုံးပိတ်တယ်လို့ ပြောတယ်။ အခုရုံးပိတ်တာက ရုံးအရှေ့မှာပဲ စာထောင်ထားတာ။ ပြန်ဖွင့်မယ့်ရက်ကိုတော့ အွန်လိုင်းကကြေညာပေးမယ်လို့ပြောတယ်”ဟု ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ပတ်စ်ပို့သွားရောက်ပြုလုပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

QR code ဖြင့်ရက်ချိန်းရယူမှုကို ၂၀၂၂ ခုနှစ် မတ်လတွင်စတင်ခဲ့ပြီး ထိုအချိန်မှစကာ ပတ်စ်ပို့လျှောက် ထားသူများအကြား QR code ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်တစ်ခုပေါ်ပေါက်ခဲ့သည်။ ရုံး အတွင်းမှ ဝန်ထမ်းများနှင့် ပြင်ပမှပွဲစားများပူးပေါင်း၍ ပတ်စပို့စာအုပ် အမြန်ရယူလိုသူများကို လေးသိန်းမှ ရှစ်သိန်း၊ သွေးနှောဖြစ်ပါက ၁၄ သိန်းမှ သိန်း ၂၀ အထိ လက်ရှိအချိန်တွင် ပေါက်ဈေးရှိကြောင်း သိရသည်။

“QR ပိတ်တာက ဒီဇင်ဘာ ပထမပတ်ထဲက၊ ခုက ရုံးပါပိတ်လိုက်တာ။ QR ရထားတဲ့သူတွေက တိုင်ပတ် တာပေါ့။ ခုက website ပါဝင်မရတော့ စစ်လို့တောင်မရဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

QR ကုဒ်ရယူမှုမှာ နှစ်ပတ်ကြိုနှင့် သုံးလကြိုရှိပြီး ငွေကြေးအရင်လက်ခံပြီးမှ QR ရယူပေးခြင်းနှင့် QR ရမှ ငွေပေးချေခြင်းဟူ၍ နှစ်မျိုးရှိသည်ဟု QR ရယူပေးသူများထံမှ သိရသည်။

“QR စနစ်ကို လုပ်လိုက်တဲ့အချိန်မှာ အရင်ကထက်ပိုဆိုးသွားတယ်။ အငြိမ်းစားဝန်ထမ်းတွေကလည်း အောက်လမ်းက မှောင်ခိုလုပ်တယ်။ ရုံးထဲက လူတွေနဲ့ အပြင်ကပွဲစားတွေနဲ့ပေါင်းပြီး ငွေယူတာတွေများ တော့ တိုင်ခံရတာတွေများတယ်။ မင်းအောင်လှိုင်ဆီတိုင်ခံရတာမို့ အဲဒီမှာ နေပြည်တော်ကဝန်ကြီးဌာန အချင်းချင်း ပြဿနာတွေတက်ကုန်ကြရော။ ပတ်စ်ပို့က ပြည်ထဲရေးက ကိုင်တာ။ ရဲတွေကတော့ ဒီကိစ္စကို သိပ်မပြောပြချင်ဘူး။ အခုက QR ရထားတဲ့သူတွေကို တစ်မျိုးစီစဉ်ပြီးလုပ်ပေးမှာ။ ဘာထုတ်ပြန်ချက်မှ မ‌လုပ်ဘဲ ရုတ်တရက်ပိတ်ချလိုက်တော့ လူတွေကလန့်ကုန်ကြတာပေါ့" နေပြည်တော်ရှိ ဝန်ကြီးဌာန တစ်ခုတွင် တာဝန်ထမ်းဆောင်နေသော အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

နိုင်ငံတစ်ဝန်းလုံးရှိ ပတ်စ်ပို့ရုံးများကို မည်‌သည့်နေ့ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အတိအကျ ကြေညာထားခြင်း မရှိသေးသောကြောင့် နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို မည်သူ တစ်ဦးတစ်ယောက်မျှ ရုံးလုပ်ငန်းပြန်လည် မစတင်မီအချိန်ထိ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required