မဟာလူမျိုးကြီးဝါဒမှန်သမျှကို တိုက်ဖျက်သွားမည်ဟု NUCC ကြေညာ

မဟာလူမျိုးကြီးဝါဒမှန်သမျှကို တိုက်ဖျက်သွားမည်ဟု NUCC ကြေညာ

မဲဆောက်(မဇ္ဈိမ)။ ။မဟာလူမျိုးကြီးဝါဒမှန်သမျှကို တိုက်ဖျက်သွားမည်ဟု NUG နှင့် NUCC တို့ ဇန်နဝါရီ လ ၁ ရက်နေ့က ပူးတွဲထုတ်ပြန်သည့် ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူးကြေညာစာတမ်း၌ ထည့် သွင်းကြေညာခဲ့သည်။

“မည်သည့် မဟာလူမျိုးကြီးဝါဒကိုမဆို ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံမည်” ဟူ၍ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံသားရပိုင်ခွင့်များ၊ လူသားရပိုင်ခွင့်များ၊ လူနည်းစုအခွင့်အရေးများကို အကာကွယ်ပေးမည့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖောင်ဆောင်ကျင့်သုံးသွားမည်” ဟုလည်း ထည့်သွင်းရေးသားထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများသည် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ခွဲခြားဆက်ဆံမှုများရှိ ခြင်း၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆုံးရှုံးခြင်း၊ ပင်လုံစာချုပ် ကတိကဝတ်များကို မျက်ကွယ်ပြုခြင်း ကြောင့် ဖြစ်ပေါ်လာရသည်ဟု ဆိုသည်။

ထို့အတူ ဗဟိုဦးစီးချုပ်ကိုင်မှုလွန်ကဲသည့် စနစ်ရှိခြင်းနှင့် စစ်အာဏာရှင်အတွေးအခေါ်ကို လက်ကိုင်ပြု ထားသည့် စစ်တပ်ရှိနေခြင်းတို့ကြောင့်ဟု မှတ်ယူသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် နိုင်ငံရေးတွင်ပါဝင်မှုမရှိသော၊ ကာကွယ် ရေးတာဝန်ကိုသာ ထမ်းဆောင်သော၊ အရပ်သားအစိုးရ၏ ကွပ်ကဲမှုအောက်တွင်ရှိသော တိုင်းရင်းသား ပေါင်းစုံပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို တည်ထောင်ရန် ဆုံးဖြတ်ထားကြောင်း ထည့်သွင်းကြေညာထားသည်။

NUG ယာယီသမ္မတကြီး၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိန့်ခွန်းတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အရေးကြီးသည့်အဖွဲ့များနှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ပြောဆိုထားသည်။

တော်လှန်ရေးကာလ နှစ်နှစ်နီးပါးအလွန်ကာလတွင် တော်လှန်ရေးအဖွဲ့များအနေဖြင့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာကြပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် ပြောဆိုဆွေးနွေးနေကြသည်ကို ခပ်စိပ်စိပ်တွေ့နေရသည်။

စစ်ကောင်စီဘက်မှလည်း ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်မည်ဟုဆိုကာ ပြောဆိုကြိုးပမ်းနေသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်နှင့်ပတ်သက်၍ NUCC နှင့် NUG တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် “လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းပြဿနာ၏ ထွက်ပေါက်အဖြေ လုံးဝ မဟုတ်ရုံသာမက ရွေးကောက်ပွဲဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပေသည်" ဟု ဆိုထားသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required