ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ တန်ဖိုးရှိ တင့်ကားဖျက် စနစ်များကို ရောင်းချရန် အမေရိကန်အတည်ပြု

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ တန်ဖိုးရှိ တင့်ကားဖျက် စနစ်များကို ရောင်းချရန် အမေရိကန်အတည်ပြု

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ ခန့် တန်ဖိုးရှိ Volcano တင့်ကားဖျက် မိုင်းစနစ်ကို ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောတူလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

အမေရိကန်စစ်တပ်က ၁၉၈၀ ပြည့်လွန်နှစ်များတွင် တီထွင်ခဲ့သည့် Volcano တင့်ဖျက်စနစ်တွင် သတ္တုဗူးငယ်များမှ ကန်ထွက်ပျံ့နှံ့စေသည့် တင့်ကားဖျက်မိုင်းများကို အသုံးပြုထားသည်။

ယခုတင့်ဖျက်စနစ်အား Northrop Grumman နှင့် Oshkosh ကော်ပိုရေးရှင်းတို့က ကန်ထရိုက်တာများအဖြစ် ပါဝင်ရောင်းချသွားမည်ဖြစ်သည်။

အမေရိကန်ဥပဒေအရ သတ်မှတ်ပမာဏတစ်ခုထက် ကျော်လွန်သည့် စစ်လက်နက်များ ရောင်းချရန် အစီအစဉ်ကို အထူးဖွဲ့စည်းထားသည့်အဖွဲ့က ကွန်ဂရက်သို့ အသိပေးရန် လိုအပ်သည်။ သို့သော် လွှတ်တော်အမတ်များက နိုင်ငံခြားရေးဌာနနှင့် ပင်တဂွန်အနေဖြင့် ဆက်လက်လုပ်ဆောင်ရန် အလွတ်သဘောတူညီချက်မပေးပါက ကွန်ဂရက်သို့ တင်ပြခြင်း မပြုလုပ်ပေ။

တရုတ်အစိုးရက ထိုင်ဝမ်ကို ပိုင်ဆိုင်သည့် နယ်မြေတစ်ခုဖြစ်ကြောင်း သတ်မှတ်ရန် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားများ ပေးနေချိန်တွင် အမေရိကန်က တင့်ကားဖျက်စနစ် ရောင်းချမည့်အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၃ နှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်သို့ တရုတ်စစ်လေယာဉ်များက နေ့စဉ်နီးပါး ပျံသန်းခဲ့သလို ၂၀၂၂ ခုနှစ်အတွင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ထိုင်ဝမ်သို့ လာရောက်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်ခဲ့သည်။

ပင်လယ်ပြင်နယ်နမိတ်အဖြစ် သတ်မှတ်ထားသည့် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ကာ တရုတ်က ပထမဆုံးအကြိမ် လေယာဉ်အမြောက်အများကို ဒီဇင်ဘာ ၂၆ ရက်က စေလွှတ်ခဲ့သည်။ နောက်တစ်နေ့တွင် ထိုင်ဝမ်က မဖြစ်မနေ စစ်မှုထမ်းရမည့် သက်တမ်းကို ၄ လမှ ၁နှစ်အထိ တိုးမြှင့်ရန် ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်၏ Volcano တင့်ဖျက်စနစ်ကို ၁ လအတွင်း ရရှိနိုင်ဖြစ်ကာ မိမိတို့၏ စစ်လက်နက်အင်အားကို တိုးတက်လာစေမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required