တိဗက်နှင့် ပူးပေါင်းရဲတပ်ဖွဲ့ရှိသဖြင့် တရုတ်နယ်စပ်အရေး စိုးရိမ်စရာမလိုကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပြော

By ANI
02 January 2023
တိဗက်နှင့် ပူးပေါင်းရဲတပ်ဖွဲ့ရှိသဖြင့် တရုတ်နယ်စပ်အရေး စိုးရိမ်စရာမလိုကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပြော

အိန္ဒိယ-တိဗက်နယ်စပ်ရဲတပ်ဖွဲ့ (ITBP) က နယ်စပ်များကို စောင့်ရှောက်နေပြီး အိန္ဒိယပိုင်နက် ၁ လက်မကိုပင် မည်သူမျှ သိမ်းပိုက်၍ မရကြောင်း သိရှိထားသဖြင့် အိန္ဒိယ-တရုတ်နယ်စပ်နှင့်ပတ်သက်ပြီး မည်သည့်အခါမျှ မစိုးရိမ်ကြောင်း ပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ဒီဇင်ဘာ ၃၁ ရက်တွင် ပြောလိုက်သည်။

အာမစ်ရှားက ကာနာတာကာပြည်နယ်ရှိ ဒီဝမ်ဟာလီဒေသတွင် အိန္ဒိယ-တိဗက်နယ်စပ်ရဲတပ်ဖွဲ့အတွက် အဆောက်အအုံသစ်များဖွင့်ပွဲနှင့် ရဲသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဗျူရို (BPR&D) ၏ ဗဟိုစုံထောက် သင်တန်းကျောင်း (CDTI) အတွက် အုတ်မြစ်ချအခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံအတွက် မြှုပ်နှံကာတာဝန်ထမ်းဆောင်နေကြသော ITBP တပ်ဖွဲ့ဝင်များကို ပြည်ထဲရေးဝန်ကြီးက ချီးကျူးခဲ့ပြီး အစိုးရက တပ်သားငယ်များ တာဝန်ထမ်းဆောင်နိုင်မှုအခြေအနေ ပိုမိုကောင်းမွန် စေမည့်အဆင့်များအားလုံးကို လုပ်ဆောင်လျက်ရှိသည်ဟု ဝန်ကြီးက ပြောသည်။

“အိန္ဒိယ-တိဗက်နယ်စပ်ရဲတပ်ဖွဲ့ဟာ အလွန်ခက်ခဲတဲ့အခြေအနေတွေမှာ တာဝန်ထမ်းဆောင်နေရပြီး နိုင်ငံတော်က တပ်သားသစ်တွေကိုလည်း တပ်ဖွဲ့ဝင်တွေအဖြစ် အသိအမှတ်ပြုထားပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

အာရူနာချားပြည်နယ်ရှိ တာဝမ်ဒေသတွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များအကြား နယ်စပ်ထိန်းချုပ် မျဉ်းတစ်လျှောက်တွင် ဒီဇင်ဘာ ၉ ရက်က ပဋိပက္ခများဖြစ်ပွားပြီး ရက်များစွာအကြာ၌ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

တရုတ်တပ်ဖွဲ့ဝင်များသည် အာရူနာချားပြည်နယ် တာဝမ်ဒေသ ယန်ဆဲဧရိယာရှိ နယ်စပ်ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ပြီး အခြေအနေကို တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးပိမ်းခဲ့သော်လည်း အိန္ဒိယတပ်ဖွဲ့ တပ်မှူးများ၏ အချိန်မီဟန့်တားမှုကြောင့် တပ်ပြန်ဆုတ်သွားကြောင်း ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက ပါလီမန်တွင် ပြောကြားခဲ့သည်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးက “ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ နယ်မြေစိုးမိုးရေးကို ကာကွယ်ဖို့ ကတိကဝတ်ပြုထားပြီးတော့ ဒီအပေါ်မှာ ကျူးကျော်မယ့်ကြိုးပမ်းမှုမှန်သမျှကို ဆက်လက်တားဆီးသွားမှာပါ” ဟု အောက်လွှတ်တော်၌ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly