တရုတ်နိုင်ငံတွင် ကိုဗစ်တိုက်ဖျက်ရေးစီမံချက်များဖြေလျှော့လိုက်ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါများ မြင့်တက်မှုကို ရင်ဆိုင်နေရသောကြောင့် တရုတ်ကုန်ထုတ်လုပ်မှုသည် ဒီဇင်ဘာလတွင် တတိယမြောက် ဆက်တိုက် ကျဆင်းခဲ့ပြီး ၂၀၂၀ ခုနှစ်အစောပိုင်းကာလနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်။
တရုတ်၏ လစဉ်ဝယ်ယူမှုမန်နေဂျာအညွှန်းကိန်း (PMI) သည် နိုဝင်ဘာလက ၄၈ ရှိရာမှ ဒီဇင်ဘာလတွင် ၄၇ သို့ ကျဆင်းခဲ့ကြောင်း နိုင်ငံစာရင်းအင်းဗျူရိုက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ကုန်ထုတ်လုပ်မှု အကျဆင်းဆုံး ကာလဖြစ်သည်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော တရုတ်နိုင်ငံသည် နိုင်ငံတစ်ဝန်း ကိုဗစ်ဖြစ်ပွားမှုကို ရင်ဆိုင်နေရပြီး အာဏာပိုင် များသည် ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုစာရင်းထုတ်ပြန်မှုအား ရပ်ဆိုင်းထားသည်။
“ကိုဗစ်ကပ်ရောဂါကြောင့် ထောက်ပံ့ပို့ဆောင်ရေးနှင့်သယ်ယူပို့ဆောင်ရေးအတွက် လူအင်အား မလုံလောက် တာကြောင့် ပို့ဆောင်တဲ့အချိန်တွေ ပိုကြာလာတယ်လို့ စစ်တမ်းကောက်တဲ့ကုမ္ပဏီတချို့က ပြောပါတယ်” ဟု စာရင်းအင်းဗျူရိုမှ အကြီးတန်းစီးပွားရေးပညာရှင် ကျောင်ချင့်ဟဲက ဒီဇင်ဘာလအချက်အလက်ဆိုင်ရာ သုံးသပ်မှုတွင် ဖော်ပြထားသည်။
တရုတ်၏ ထုတ်လုပ်မှုကဏ္ဍအတွက်မဟုတ်သော ဝယ်ယူမှုမန်နေဂျာအညွှန်းကိန်း (PMI) ကလည်း နိုဝင်ဘာလက ၄၆ ဒသမ ၇ ရှိရာမှ ဒီဇင်ဘာတွင် ၄၁ ဒသမ ၆ သို့ ကျဆင်းခဲ့သည်။
တရုတ်သည် ယခုနှစ်အတွက် ရည်မှန်းချက်ဖြစ်သည့် စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းကို လွဲချော်ဖွယ်ရှိပြီး စီးပွားရေးခန့်မှန်းသူများကလည်း နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်းချက်ကို ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရသောကြောင့် ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်း ဒုတိယအကြိမ် ထုတ်လုပ်မှုအကျဆင်းဆုံး ကာလဖြစ်သည်။