တရုတ်က နိုင်ငံတော်လုံခြုံရေးအမှုများတွင် ပြည်ပရှေ့နေများကို တားမြစ်ရန် ဟောင်ကောင်ခေါင်းဆောင်ထံ အခွင့်အာဏာ ပေးအပ်

တရုတ်က နိုင်ငံတော်လုံခြုံရေးအမှုများတွင် ပြည်ပရှေ့နေများကို တားမြစ်ရန် ဟောင်ကောင်ခေါင်းဆောင်ထံ အခွင့်အာဏာ ပေးအပ်

တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုအပေါ် စိုးရိမ်မှုများ ထပ်မံကြီးထွားစေမည့် လှုပ်ရှားမှုတစ်ခုအဖြစ် တရုတ်ထိပ်တန်း ဥပဒေပြုအဖွဲ့က ဟောင်ကောင်တရားရုံးများ၏ ဆုံးဖြတ်ချက်များကို ဖယ်ရှားကာ နိုင်ငံတော်လုံခြုံရေးအမှုကိစ္စများတွင် နိုင်ငံခြားရှေ့နေများအား တားမြစ်နိုင်သည့် အခွင့်အာဏာကို ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီအား ပေးအပ်လိုက်သည်။

ဟောင်ကောင်တရားရုံးက တရုတ်ပြည်သူ့အမြဲတမ်းကော်မတီ (NPCSC)၏ ဆုံးဖြတ်ချက်အတွက် အချိန်ပေးရန် မီဒီယာသူဌေးကြီးနှင့်တရုတ်ဝေဖန်ရေးသမား ဂျင်မီလိုင်း၏ နိုင်ငံတော်လုံခြုံရေးအမှုဆိုင်ရာရုံးချိန်းကို စက်တင်ဘာလသို့ ပြောင်းရွှေ့လိုက်ပြီးနောက် တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဒီဇင်ဘာ ၃၀ ရက်တွင် ဂျွန်လီအား အခွင့်အာဏာပေးအပ်မှုကိစ္စကို ကြေညာလိုက်ခြင်းဖြစ်သည်။

ဂျင်မီလိုင်းအား ဗြိတိန်ရှေ့နေ တီမိုသီအိုဝင်က ကာကွယ်ပေးနေကို တားဆီးရန် တရားရုံးက မလုပ်ဆောင် နိုင်သည့်အပေါ် ချင့်ချိန်ပေးရေးအတွက် ဂျွန်လီက NPCSC ကို နိုဝင်ဘာလက တောင်းဆိုခဲ့သည်။

ဟောင်ကောင်အယူခံတရားရုံးမှ အကြီးတန်းတရားသူကြီး ၃ ဦးပါ အဖွဲ့က ဂျင်မီလိုင်းကို ကိုယ်စားပြုသော ရှေ့နေအိုဝင်ကို တားမြစ်သည့် အစိုးရ၏ကြိုးပမ်းချက်ကို ငြင်းပယ်အပြီး အဆိုပါ အထင်ကရအမှုတွင် တရုတ်ဝင်ရောက်စွက်ဖက်ခြင်းက ဟောင်ကောင်တရားစီရင်ရေးဆိုင်လွတ်လပ်မှုအပေါ် အနှောင့် အယှက်ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောသည်။

ယခုအခါ ဟောင်ကောင်တရားရုံးများသည် နိုင်ငံတော်လုံခြုံရေးအမှုများတွင် အမှုလိုက်ရန် ပြည်တွင်း သတ်မှတ်ချက်များ ထည့်မစဉ်းစားဘဲ နိုင်ငံခြားသားရှေ့နေကို လက်မခံမီ ဟောင်ကောင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ကို ရယူရမည်ဟု NPCSC ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ဟောင်ကောင်တရားရုံးများက ထိုသို့အတည်ပြုချက်မရယူပါက အုပ်ချုပ်ရေးမှူးနှင့် ပေကျင်းဆက်ဆံရေးရုံး ဦးဆောင်သည့် နိုင်ငံတော်လုံခြုံရေးကော်မတီက အဆိုပါကိစ္စအပေါ် ဆုံးဖြတ်ချက်ချမည်ဟု ဆိုသည်။

နိုင်ငံတော်လုံခြုံရေးဥပဒေအရ ကော်မတီကချမှတ်သည့် ဆုံးဖြတ်ချက်များကို တရားစီရင်ရေးဆိုင်ရာ သုံးသပ်ချက်ဖြင့် စောဒကတက်၍မရနိုင်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required