တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် ဂျပန်က စစ်အသုံးစရိတ် တိုးမြှင့်

By ANI
02 January 2023
တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် ဂျပန်က စစ်အသုံးစရိတ် တိုးမြှင့်

တရုတ်ရန်လိုမှုကို တန်ပြန်ရန် ဂျပန်က စစ်အသုံးစရိတ်ကို စံချိန်တင်တိုးမြှင့်လိုက်ကြောင်း The Singapore Post က ဖော်ပြလိုက်သည်။

ဂျပန်အမျိုးသားလုံခြုံရေးမဟာဗျူဟာအသစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်၏ ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုများ မြင့်တက်လာချိန်တွင် ကာကွယ်ရေးအသုံးစရိတ်အတွက် ပမာဏ အများအပြားကို လျာထားခဲ့ပြီး ကီရှီဒါအစိုးရက ၂၀၂၃ ဘဏ္ဍာနှစ်အတွက် စံချိန်တင်ဘတ်ဂျက် အမေရိကန် ဒေါ်လာ ၈၆၂ ဘီလီယံကို အတည်ပြုခဲ့သည်။

ဘတ်ဂျက်တွင် လူမှုဖူလုံရေးအတွက် အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၆ ဘီလီယံနှင့် စစ်အသုံးစရိတ် အမေရိ ကန်ဒေါ်လာ ၅၁ ဘီလီယံ ပါဝင်ပြီး လက်ရှိ ကာကွယ်ရေး အသုံးစရိတ်အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၆ ဘီလီယံမှ ၂၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကြောင်းကျိုဒိုသတင်းတွင် ဖော်ပြထားသည်။

ဂျပန်ကို အဓိကခြိမ်းခြောက်သည့်နိုင်ငံအဖြစ် တရုတ်အား ရည်ညွှန်းသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာအပါ အဝင် အဓိကကာကွယ်ရေးမူဝါဒ ၃ ခုကို အစိုးရက မကြာသေးမီက အတည်ပြုခဲ့သည်။

ယင်းအတည်ပြုချက်ကြောင့် စစ်ကြေညာခြင်း သို့မဟုတ် နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အင်အားသုံးခွင့်မပြုသည့် ဂျပန်၏ စစ်ပြီးခေတ် ဖွဲ့စည်းပုံမှ လမ်းခွဲထွက်ခြင်းဖြစ်သည်ဟု ကျယ်ပြန့် စွာ ရှုမြင်ကြသည်။

ဂျပန်သည် ကာကွယ်ရေးဦးစားပေးသည့် မူဝါဒကို ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ပြီး တိုက်ခိုက်ခံရမှသာ ကာကွယ်ရေးအင်အားကို အသုံးပြုမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားခဲ့သည်ဟု The Singapore Post တွင် ဖော်ပြထားသည်။

စစ်ရေးအသုံးစရိတ် တိုးလာခြင်းကြောင့် ဂျပန်သည် အမေရိကန်နှင့် တရုတ်ပြီးနောက် ကမ္ဘာတွင် စစ်အသုံး စရိတ် တတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly