အင်းတော်မြို့နယ်တွင် စကစတပ် ထောင်သည့် မိုင်း ပေါက်ကွဲ၍ ဒဏ်ရာရသူရှိ

အင်းတော်မြို့နယ်တွင် စကစတပ် ထောင်သည့် မိုင်း ပေါက်ကွဲ၍ ဒဏ်ရာရသူရှိ

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ရွာတွင် စစ်ကောင်စီ ထောင်ခဲ့သည့်မိုင်းတစ်လုံး ပေါက်ကွဲရာ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း Indaw Revolution-IR ၏ တာဝန်ရှိသူက မဇ္စျိမ ကို ပြောသည်။

အလယ်ဆိပ်ရွာနား လယ်ကွင်းရှိ ကောက်စိုင်ပုံထဲတွင် ခလရ (၄၂) တပ် ထောင်ထားခဲ့သော မိုင်းတစ်လုံးက ဇန်နဝါရီလ ၁ ရက် နေ့လယ် ၁ နာရီခန့်တွင် ပေါက်ကွဲရာ အနီးရှိ

စပါးခြွေနေသူ ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး ကောက်လှိုင်းစည်းများနှင့် ခြွေလှေ့စက်တစ်လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

“၂၇ ရက်နေ့က တိုက်ပွဲဖြစ်တယ်။ သူတို့(စစ်ကောင်စီတပ်သားများ) ရွာကိုလည်း မီးရှို့သွားတယ်။ အဲ့ဒီရွာမှာရှိတဲ့ ကောက်လှိုင်းစည်းတွေအကုန်လုံးကို မီးရှို့သွားပေမယ့် ခုကောက်လှိုင်းစည်းတစ်ခုကိုပဲ ချန်ထားခဲ့တယ်။ တိုက်ပွဲတွေဖြစ်ပြီး ဒီနေ့မှ ရွာသားတွေ ရွာထဲပြန်ဝင်ပြီး အဲ့ဒီကျန်တဲ့ကောက်လှိုင်းစည်းကို ဒီနေ့မှ ကျိတ်ပြီးခြွေတာပေါ့။ အဲ့မှာ ခြွေနေတုန်းထပေါက်ကွဲတာ” ဟု Indaw Revolution-IR တာဝန်ရှိသူက ဆိုသည်။

အဆိုပါ အလယ်ဆိပ်ရွာတွင် ပြည်သူ့ကာကွယ်‌ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်‌ေကာင်တပ်က ပြည်သူများအား ရိုက်နှက်ခြင်း ၊ ပစ္စည်းများအား လုယူခြင်း၊ ရွာမီးရှို့ခြင်း နှင့် လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ကြောင်း၎င်းက ဆိုသည်။

အင်းတော်မြို့နယ်တွင် ဒီဇင်ဘာ ၂၆ရက် နှင့် ၂၇ရက်က စစ်ကောင်စီတပ်နှင့် KIA၊ Indaw PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့၍ စစ်ကောင်စီက လေကြောင်းပစ်ကူခြင်းနှင့် ရွာမီးရှို့ခြင်း‌များ ပြုလုပ်ခဲ့၍ အလယ်ဆိပ်ရွာမှဈေးဆိုင်ခန်း ခြောက်ခန်း၊ စာကြည့်တိုက် တစ်လုံး၊ နေအိမ်၂၆လုံးနှင့် စပါးတင်းပေါင်း ထောင်ချီ မီးလောင် ပျက်စီးသွားကြောင်း Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required