စစ်ကောင်စီသည် ပြည်သူတစ်ရပ်လုံးအတွက်ရန်သူဖြစ်ပြီး ရန်သူကို ရန်သူလို တိုက်ခိုက်ချေမှုန်းရမည်ဟု ကေအိုင်အိုဗဟိုကော်မတီ ဥက္ကဋ္ဌပြောကြား

စစ်ကောင်စီသည် ပြည်သူတစ်ရပ်လုံးအတွက်ရန်သူဖြစ်ပြီး ရန်သူကို ရန်သူလို တိုက်ခိုက်ချေမှုန်းရမည်ဟု ကေအိုင်အိုဗဟိုကော်မတီ ဥက္ကဋ္ဌပြောကြား

မဇ္ဈိမ။ ။စစ်ကောင်စီသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ရန်သူဖြစ်ကြောင်းကို ပြတ်သားစွာ သတ်မှတ်ပြီး ရန်သူကိုရန်သူလို တိုက်ခိုက်ချေမှုန်းရမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုလိုက်သည်။

ကေအိုင်အိုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ကပြော ကြားခဲ့သော ၂၀၂၃ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗမာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တွင် အမြစ်တွယ်နေသောစစ်တပ်သည် တိုင်းရင်းသား တော် လှန်ရေးအဖွဲ့အစည်းအားလုံး၏ ရန်သူသက်သက်သာမဟုတ်ဘဲ မြန်မာပြည်သူတစ်ရပ်လုံး၏ရန်သူဖြစ် ကြောင်းကို ပြတ်ပြတ်သားသားသတ်မှတ်ပြီး ရန်သူကိုရန်သူလို တိုက်ခိုက်ချေမှုန်းရမည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်သူတစ်ရပ်လုံးပါဝင်တော်လှန်ဆင်နွဲနေသည့် စစ်အာဏာရှင်တော်လှန်ရေးကို တောင့်ခံ ရပ်တည်နိုင်သည့် အစိုးရနှင့်စစ်တပ်မရှိသည်ကို အထူးနားလည်ထားရမည်ဖြစ်ကြောင်းလည်း ကေအိုင်အို ဥက္ကဋ္ဌက နှစ်သစ်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားသည်။

ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်နေသည့် စစ်ကောင်စီတပ်က ရွေးကောက်ပွဲကျင်းပခွင့်မရှိဘဲ ယခုရွေး ကောက်ပွဲသည် သက်ဆိုးရှည်ရန်လုပ်ဆောင်နေသော စစ်အာဏာရှင်များ၏ နည်းလမ်းတစ်ခုသာဖြစ် ကြောင်းလည်း ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီကကျင်းပရန်ပြင်ဆင်နေသည့်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သူ များမှာ စစ်ကောင်စီ၏ထောက်တိုင်များသာဖြစ်ကြပြီး အဆိုပါရွေးကောက်ပွဲမှ ရန်သူနှင့်မိတ်ဆွေ ကွဲကွဲ ပြားပြားတွေ့မြင်လာရမည်ဖြစ်သလို ကြားနေသူများနှင့်ကိုယ်ကျိုးရှာနေသူများကြောင့် စစ်အာဏာရှင်၏ အစီအစဉ်များအကောင်အထည်ပေါ်လာြခင်းမျိုး မဖြစ်စေရန် ပြည်သူများကလည်း အချင်းချင်းပညာပေး ရန် အရေးကြီးကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုထားသည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နေသည့် ပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့များကို အိမ်နီးချင်းနိုင်ငံများကကူညီရန် အလွန်အရေးကြီးသည့်ကာလရောက်နေပြီဟု လည်းဆိုထားသည်။

ကေအိုင်အိုသည် ၂၀၂၂ ခုနှစ်အတွင်း လုပ်ဆောင်ရန်ရှိသည့်လုပ်ငန်းများကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ခဲ့သည်နှင့်အညီ ယခုနှစ်တွင်လည်း ပိုမိုကောင်းမွန်သည့်တာဝန်များကို ထမ်းရွက်နိုင်ကြဖို့ စိတ်ကိုပြင်ဆင်ထားရန်နှင့် “အတိတ်ကိုဖက်တွယ်နေသူသည် ရှေ့ဆက်တိုးရန်ခက်သည်” ဆိုသော ဆိုရိုး စကားအတိုင်း မြန်မာပြည်သူအားလုံးက စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်ကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားသည်။

(ကချင်တိုင်းရင်းသား ဘာသာစကားဖြင့်ပြောဆိုထားသည့် ကေအိုင်အိုဥက္ကဋ္ဌ၏မိန့်ခွန်းကို မြန်မာဘာသာ သို့ ဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ အားနည်းချက် တစ်စုံတစ်ရာရှိပါက Mizzima သတင်းအဖွဲ့၏ အားနည်းချက်သာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်)

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required