အပစ်ရပ် ၇ ဖွဲ့ စုံလင်စွာမတက်ရောက်သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အလားအလာကောင်းရှိဟု စစ်ကောင်စီခေါင်းဆောင်ပြော

အပစ်ရပ် ၇ ဖွဲ့ စုံလင်စွာမတက်ရောက်သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အလားအလာကောင်းရှိဟု စစ်ကောင်စီခေါင်းဆောင်ပြော

မဲဆောက်(မဇ္ဈိမ)။ ။ပုံမှန်တွေ့ဆုံနေကျ အပစ်ရပ်ခုနစ်ဖွဲ့ပင် ၎င်းတို့ဖိတ်ခေါ်သည့်ဆွေးနွေးပွဲကို စုံလင်စွာ တက်ရောက်တော့ခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဆွေး နွေးမှုများတွင် အလားလာကောင်းကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်ကူးစကားပြောရာတွင် ကြွေးကြော်ခဲ့သည်ကို တွေ့ရသည်။

ငါးမိနစ်နီးပါးကြာ နှစ်သစ်ကူးစကားတစ်ခုလုံးတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများဟူသည့် စကား လုံးကိုသာ တွင်တွင်သုံးစွဲခဲ့ပြီး ၂၀၂၃ ခုနှစ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး အသီးအပွင့်များခံစားနိုင်ရန် အစပျိုးသည့်နှစ်ဖြစ်သည်ဟုလည်း သုံးနှုန်းခဲ့သည်။

“မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရ တဲ့ နှစ်တစ်နှစ်ဖြစ်တာကြောင့် ဒီအခွင့်အရေးကို အရယူနိုင်ဖို့မျှော်လင့်ပါတယ်” ဟု စစ်ကောင်စီခေါင်း ဆောင်က ပြောသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီခေါင်းဆောင်သည် တိုက်ပွဲများဖြစ်ပွားနေသည့်ကြားထဲကပင် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဆွေးနွေးမည့်အဖွဲ့များကို ကိုယ်တိုင်တွေ့ဆုံမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး စစ်ကောင်စီ၏ငြိမ်းချမ်းရေးလုပ်ငန်းများစတင်ခဲ့သည်။

၎င်းတို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက် ခဲ့ကြသည်။

တက်ရောက်ခဲ့ကြသည့်အဖွဲ့များမှာ UWSA ၊ NDAA၊ SSPP ၊ RCSS၊ NMSP ၊ ALP၊ PNLO၊ DKBA၊ KNU-KNLA(PC) နှင့် LDU တို့ဖြစ်သည်။

ထို့နောက်တွင် အဆိုပါအဖွဲ့များသည် စစ်‌ကောင်စီခေါင်းဆောင်အပါအဝင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့များနှင့် နှစ်ကြိမ်ကြိမ်တိုင်တိုင် တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ သို့သော်လည်း ၎င်းအဖွဲ့များသည် စစ်ကောင်စီနှင့် မြေပြင်တွင် တိုက်ပွဲများဖြစ်နေသည့်အဖွဲ့များမဟုတ်သည့်အတွက် ၎င်းတို့အခြေပြုရာ ဒေသတွင် တိုက်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းသွားခြင်းမရှိပေ။

နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးက “ဒီအဖွဲ့တွေဆိုတာ ဘယ်တုန်းကမှ စစ်ရေးပဋိပက္ခမရှိခဲ့ဘူး။ နိုင်ငံရေးပဋိပက္ခမရှိခဲ့ဘူး။ နိုင်ငံရေးအရ စစ်အုပ်ချုပ်ရေးခေါင်းဆောင်တွေနောက်မှေးလိုက်ပြီး ကိုယ့် ဒေသအကျိုးစီးပွားအတွက် တောင်းဆိုနေတဲ့ အဖွဲ့စည်းငယ်လေးတွေပါ” ဟုဆိုသည်။

စစ်ကောင်စီ၏ဆွေးနွေးပွဲများကို လေ့လာကြည့်လျှင် စစ်အာဏာသိမ်းပြီးနောက် လက်ရှိဖြစ်ပျက်နေသည့် ပဋိပက္ခများကိုဆွေးနွေးခြင်းမရှိဘဲ နိုင်ငံတည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးများကို ဦးတည်ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။

အထူးသဖြင့် ကရင်ဒေသအခြေစိုက်သည့် DKBA နှင့် KNU-PC တို့နှစ်ဖွဲ့လုံး သွားရောက်ဆွေးနွေးခဲ့ သော်လည်း ကရင်ဒေသတွင် စစ်ကောင်စီ၏ထိုးစစ်များ ဆက်တိုက်ရှိနေခဲ့သည်။

တွေ့ဆုံဆွေးနွေး နေမှုများပြုလုပ်နေသည့်ကြားကပင် သွားရောက်ဆွေးနွေးနေသည့် အပစ်ရပ်ခုနစ်ဖွဲ့ က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နှစ်ဖက်ကိုယ်စားလှယ်အနည်းငယ်ဖြင့် ဒီဇင်ဘာလတတိယပတ်တွင် အလွတ် သဘောတွေ့ဆုံမှုများ သိုသိပ်စွာစတင်နိုင်ရန် အဆိုပြုခဲ့မှုအပေါ်တွင် စစ်ကောင်စီဘက်က လက်ခံခြင်း မရှိခဲ့ပေ။

ထို့နောက် ဒီဇင်ဘာလကုန်ခါနီးတွင် စစ်ကောင်စီဘက်က ဖွဲ့စည်းပုံပြင်ဆင်ရေးအပြင် အခြားကိစ္စများ ဆွေးနွေးရန်အတွက် အပစ်ရပ်ခုနစ်ဖွဲ့ကိုနေပြည်တော်သို့ဖိတ်ခေါ်ခဲ့သည်။စတင်ဖိတ်ခေါ်ခဲ့စဉ်က အလွတ် သဘောဆွေးနွေးပြီးမှသာလျှင် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်မည်ဟု အကြောင်းပြန်ခဲ့ကြသော်လည်း ဆွေးနွေးပွဲစတင်သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အဖွဲ့ငါးဖွဲ့သည် နေပြည်တော်သို့သွားရောက်ခဲ့ပြီး ဖွဲ့စည်းပုံပြင်ရေးအပါအဝင် သဘောတူညီချက်များရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲအတွက် အပစ်ရပ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ စောမြရာဇာလင်းက “ဘယ်အချက်တွေကို ရယူခဲ့လဲဆိုတာကို အတိအကျမပြောနိုင်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဆိုပြုထားတဲ့ မူကြမ်း၊ နှစ်ဦးနှစ်ဖက်သဘောတူထားတဲ့မူကြမ်းထဲက ၁၀ ချက်ကို ရရှိခဲ့တယ်လို့ပြောချင်ပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

အပစ်ရပ်ခုနစ်ဖွဲ့တွင် MNSP နှင့် RCSS တို့သည် သွားရောက်ဆွေးနွေးခဲ့ခြင်းမရှိပေ။ ထိုသို့ မသွားရောက် သည့်ကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ထံသို့ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများမှ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ၎င်းတို့ကိုတိုက်ခိုက်နေခြင်းမရှိသည့်အဖွဲ့များနှင့် ဆွေးနွေးမှုများပြု လုပ်ပြီး ၂၀၂၃ ခုနှစ်သည် ခံစားရတော့မည့်နှစ်ဟု ကြွေးကြော်နေခြင်းသာ ဖြစ်သည်။

“ကုန်လွန်ခဲ့ပြီဖြစ်တဲ့ လွန်ခဲ့တဲ့ ၇၅ နှစ်တာကာလအတွင်း နိုင်ငံနဲ့လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့ အတွေးအခေါ်များနဲ့ လုပ်ဆောင်ချက်များကိုချန်ရစ်ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြု သဘောဆောင်ရွက်ချက်များကို မြန်မာစိတ်မွေးပြီးတော့ စည်းစည်းလုံးလုံး‌ လုပ်ကိုင်သွားကြမယ်ဆိုရင် ကျနော်တို့သွားချင်တဲ့ပန်းတိုင်ကို မလွဲမသွေရောက်ရှိမှာပဲဖြစ်ပါတယ်” ဟုလည်း ၎င်းကဆိုပြန်သည်။

သို့သော်စစ်ကောင်စီနှင့် သွားရောက်ဆွေးနွေးနေသည့်အဖွဲ့များမှအပ အခြားတိုင်းရင်းသားအဖွဲ့များသည် တော်လှန်ရေးအဖွဲ့များကို နည်လမ်းပေါင်းစုံဖြင့်ကူညီပါဝင်ပေးကာ စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အပြင် စစ်တပ်နိုင်ငံရေးကထွက်မှ နိုင်ငံရေးဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားမှုများ ပြုလုပ် ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

ပုံစာ - အခမ်းအနားတစ်ခုတွင်တွေ့ရသော စ်ခေါင်းဆောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required