နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၁ ဒီဇင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၁ ဒီဇင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေး အစိုးရ

· စစ်အုပ်စု၏ ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေသည့်အလေ့အထ (Impunity) ကို အဆုံးသတ်နိုင်ရေး မမေ့မလျော့နှလုံးသွင်းလျက် တော်လှန်ရေးအောင်မြင်ပြီးမြောက်သည် အထိ တစိုက် မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUGက ကတိပြုထုတ်ပြန်သည်။

· နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများကသာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၂/၂၀၂၂)ကို ဒီဇင်ဘာ ၃၀ ရက် မနက် ၉ နာရီမှာ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အာဏာသိမ်း စစ်ကောင်စီ က ထောင်ဒဏ်များ ထပ်မံ ချမှတ်လိုက်ခြင်းသည် တရားမဲ့ပြီး နိုင်ငံရေးလောကမှ ဖယ်ထုတ်ရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ဥရောပသမဂ္ဂ ပြောခွင့်ရှိသူက ထုတ်ဖော် ပြောကြားလိုက်သည်။

· မန္တလေး ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် "ငါတို့ လမ်းပေါ်မထွက်ကြရင် သူတို့ အိမ်ထဲဝင်လာကြလိမ့်မယ်" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေး သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် "2023 ရောက်လည်း ငါတို့မနိုင်မချင်းတော်လှန်နေအုံးမှာပဲ" စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ဝမ်းတွင်းမြို့တွင် ဝမ်းတွင်းတော်လှန်လူငယ်များမှ မြို့တစ်နေရာ၌ " စစ်ခွေး နိဂုံး 2023"စာသားကို ချိတ်ဆွဲ၍ အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

· စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက် အောက် ခံSNA နှင့်ပျူစောထီးများ လိုက်ပါလာသော ကားကို PDF ပူးပေါင်း တပ်က ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာသော ၇ ဦး သေဆုံးပြီး လက်နက် များ သိမ်းဆည်းရမိခဲ့ကြောင်း တမူး PDFထံမှ သိရသည်။

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မြင်းမူတွင် ခရီးသည်တင်ကားဖြင့် သွားလာနေသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း People's knight Defense Force Myinmu (PKDF-MMU)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြားအာရုံမသန်စွမ်းသူ နှစ်ဦးဖြစ်သည့် ဦးကျော် သန်း နှင့် ကိုမင်းခန့်ကို တို့ကို အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် စီ ချမှတ်လိုက်ကြောင်း သိရသည်။

· ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ မြို့မရပ်ကွက် နန်းဖာလုံတွင် လက်ဖက်ရည်ဆိုင်ဖွင့်ထားသည့် ကိုချစ်စမ်းမောင် နှင့်ဇနီးတို့အား ပျူစောထီးဆိုသူများမှ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက မဇ္စျိမ ကိုပြောသည်။

· စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လေယာဉ်ကွင်းကို နှစ်ဟောင်းအား နုတ်ဆက်သည့်အနေဖြင့် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း Kani Army (KNA) က ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ထုတ်ပြန်သည်။

· တနင်္သာရီတိုင်း၊ ပလမြို့မှ ပု‌လောမြို့ဘက်သို့ ဦးတည်‌မောင်းနှင်လာ‌သော ကား ၁၀ စီးပါ စစ်ယာဉ်တန်းက လမ်းတလျှောက် ကျေးရွာ ၃ ရွာမှ ပြည်သူ ပိုင်နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။

· ရန်ကုန်တိုင်း၊ အင်စိန်းအကျဉ်းထောင်တွင် အထူးတရားရုံးက မတရားထောင်ဒဏ် အမိန့်များ ချမှတ်ခံ နေ ရ သည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးက စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ရုံးထုတ် အမိန့် ချခဲ့ ချိန်တွင် ရသည့်ပုံစံနည်းလမ်းဖြင့် ဆန္ဒပြခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို KNU တပ်မဟာ ၂ နယ်မြေ တောင်ငူ ခရိုင်အတွင်းက လူထုအနေဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ကြရန် တပ်မဟာ (၂)ကထုတ်ပြန်သည်။

စစ်ကောင်စီ

· တရုတ်နိုင်ငံဆိုင်ရာစစ်ကောင်စီခန့် မြန်မာသံအမတ်ကြီး တင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာဟုန်းလျန် အား ၃၀-

၁၂-၂၀၂၂ ရက်၊ ၁၀၃၀ နာရီတွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက် တွေ့ဆုံခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

· ၂၀၂၃ ခုနှစ် မတ်လမှာ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် လက်ရှိအချိန်ထိ လျှောက်လွှာတင်ထားသူပေါင်းတစ်သိန်းခွဲကျော်ရှိနေကြောင်းစစ်ကောင်စီမှ ထုတ်ပြန်သည်။

· ဗဟိုဘဏ်က ပြည်သူသို့အသိပေးချက်ဆိုပြီး ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပြီးယင်း ကြေညာ ချက် တွင် ဗဟိုဘဏ်အနေဖြင့် လက်ရှိရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ပြင်ဆင်ရန်မရှိ သည့်အပြင်မည်သည့် ငွေစက္ကူအမျိုးအစားအသစ် ကိုမှ ထုတ်ဝေရန် အစီအစဉ်မရှိ ကြောင်းဖော်ပြထားသည်။

· နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ်ရန် တရုတ် နိုင်ငံခြားရေး၏ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၁ ရက် သုံးသပ်ချက်

· ကရင်ပြည်နယ်အတွင်း တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသလို စစ်ကိုင်း မကွေးတွင်လည်း စစ်ကောင်စီ တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများနေ့စဉ်ဖြစ်ပွားကာ စစ်ကောင်စီတပ်များ အသေများနေသည်။

· တနင်္သာရီတိုင်းဘက်တွင် ဒီဇင်ဘာလမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တပ်များ အကြားတိုက်ပွဲခပ်စိတ်စိတ်ဖြစ်လာပြီး စစ်ကောင်စီတပ်များ အထိနာနေ၍ ထုံးစံအတိုင်း ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်။နောက်ပိုင်းတွင်လည်း ပြည်သူပိုင်အိမ်များကို ဆက်လက် မီးရှို့ နိုင်သဖြင့် ပြည်သူများကြိုတင် ပြင်ဆင်ထားသင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly