ခရမ်းမြို့၌ ဆိုင်ကယ်စီးသူများကို စစ်ကောင်စီထံသို့ တိုင်ကြားသူများအား PDF မှ အရေးယူမည် 

ခရမ်းမြို့၌ ဆိုင်ကယ်စီးသူများကို စစ်ကောင်စီထံသို့ တိုင်ကြားသူများအား PDF မှ အရေးယူမည် 

(မဇ္ဈိမ)။။ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၌ ဆိုင်ကယ်စီးနင်းသူများကို စစ်ကောင်စီထံသို့ သတင်းပေးတိုင်ကြားသူများအား PDF (Khayan)မှ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

ခရမ်းမြို့နယ်တွင် လွန်ခဲ့သည့် လအနည်းငယ်ခန့်မှစတင်၍ ဆိုင်ကယ်စီးနင်းသွားလာခွင့်ကို စစ်ကောင်စီတပ်မှ ပိတ်ပင်ထားခဲ့သည်။ 

ထို့ကြောင့် ဆိုင်ကယ်ကိုသာ အဓိကထားစီးနင်း၍ သွားလာလှုပ်ရှားကြသူများအဖို့ အဘက်ဘက်က ထိခိုက်မှုများစွာဖြစ်ရသဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများကို ရှောင်ကွင်းသွားလာချိန်တွင် စစ်ကောင်စီအားပေးထောက်ခံသူများမှ သတင်းပေးတိုင်ကြားကြကြောင်း သိရသည်။ 

ထို့ကြောင့် PDF(Khayan) မှ စစ်ကောင်စီသတင်းပေးများအား ဒလန်အဖြစ်သတ်မှတ်ကာ အရေးယူတုံ့ပြန်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ 

" ကျနော်တို့အတွက်ကတော့ ထူးထူးခြားခြား မခက်ခဲပါဘူး ပြည်သူတွေအရမ်းခက်ခဲနေကြတယ်။ ခရမ်းမြို့ဆိုတာ နယ်မြို့သေးသေးလေးပါ၊ အခုလက်ရှိအခြေအနေက စကစဘက်က အင်အားသုံးပြီး ပြည်သူတွေကို နှိပ်စက်နေတာ။ အဓိကတော့ စကစဘက်တော်သားတွေပေါ့ဗျာ၊ သူတို့က ရွာထဲဆိုင်ကယ်စီးသွားရင် ဓာတ်ပုံခိုးရိုက်ပြီး စကစကို ပို့တာတွေပေါ့။ အဲ့လို လူတွေကို ဒလန်လို့သတ်မှတ်ထားပါတယ်။" ဟု PDF(Khayan) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ထိုသို့ သတင်းပေးသူများထဲတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များလည်းပါဝင်ပြီး ဆိုင်ကယ်စီးနင်းသည်ကိုမြင်တွေ့ပါက ဆိုင်ကယ်ကောင်းလျှင် ဆိုင်ကယ်သိမ်းသလို စီးနင်းသည့်ပြည်သူများကိုလည်း နှိပ်စက်မှုများရှိကြောင်း ဆိုသည်။ 

စစ်ကောင်စီမှ အမိန့်အာဏာဖြင့် ခရမ်းမြို့ပေါ်ကို ဆိုင်ကယ်စီးနင်းခွင့်ပိတ်ထားသည်မှာ သုံးလကျော် လေးလဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး ယခုဆိုလျှင် 
ခရမ်းမြို့အပိုင် ရပ်ကွက် ကျေးရွာတွေကိုပါ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ စတင်ကာ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#အုပ်ချုပ်ရေးအဖွဲ့ဝင်များ
#အမိန့်အာဏာ
#ခရမ်းမြို့နယ်
#PDF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required