အာဖဂန်တွင် ပြည်တွင်း၊ ပြည်ပ NGOs များ၌ အမျိုးသမီးများ အလုပ်လုပ်ခြင်းအပေါ် တာလီဘန်တို့ တားမြစ်

အာဖဂန်တွင် ပြည်တွင်း၊ ပြည်ပ NGOs များ၌ အမျိုးသမီးများ အလုပ်လုပ်ခြင်းအပေါ် တာလီဘန်တို့ တားမြစ်

အာဖဂန်နစ္စတန်တွင် ပြည်တွင်းနှင့် ပြည်ပ NGOs (အစိုးရမဟုတ်သော အဖွဲ့အစည်းများ) အားလုံး၌ အမျိုးသမီးဝန်ထမ်းများ အလုပ်လုပ်ခြင်းအပေါ် ပိတ်ပင်တားမြစ်သည့် အမိန့်ညွှန်ကြားချက်ကို တာလီဘန်အစိုးရက ထုတ်ပြန်ခဲ့ပြီး ထိုညွှန်ကြားချက်က အဆိုပါနိုင်ငံတွင် အမျိုးသမီးများ၏ လွတ်လပ်ခွင့်များအပေါ် နောက်ထပ် ဖြိုခွင်းဖိနှိပ်ခြင်းဖြစ်ကြောင်း TOLOnews က ဒီဇင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။

နောက်ထပ် ကြေညာချက် မထွက်မချင်း အမျိုးသမီးဝန်ထမ်းများ၏ အလုပ်အကိုင်များကို ဆိုင်းငံ့ထားရန် ပြည်တွင်းနှင့် နိုင်ငံတကာ NGO များအားလုံးကို တာလီဘန် ဦးဆောင်သော စီးပွားရေးဝန်ကြီးဌာန (MOE) က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အာဖဂန်သတင်းအေဂျင်စီ TOLOnews က ဖော်ပြသည်။

စီးပွားရေးဝန်ကြီးဌာန (MOE) ထံမှ လိုင်စင်ယူထားသည့် အဖွဲ့အစည်းတစ်ခုခုအနေဖြင့် ယခု ညွှန်ကြားချက်ကို လိုက်နာဖော်ဆောင်ခြင်း မရှိပါက လိုင်စင်ဖျက်သိမ်းခံရလိမ့်မည်ဖြစ်ကြောင်း MOE က သတိပေးထားသည်ဟု တာလီဘန် ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် ရာမန် ဟာဘစ်ကို ကိုးကားပြီး TOLOnews က ဖော်ပြသည်။

တာလီဘန်တို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း နိုင်ငံတစ်ဝန်း ကျောင်းသူမိန်းကလေးများ၏ တက္ကသိုလ်ပညာသင်ယူမှုအပေါ် ပိတ်ပင်ကြောင်း ကြေညာခဲ့သေးသည်။

တာလီဘန်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် အာဖဂန်ပြည်သူ သန်းပေါင်းများစွာနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အမျက်ဒေါသထွက်နေကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်အဖွဲ့က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ဖော်ခဲ့ပြီး ဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်ရုပ်သိမ်းရန် တာလီဘန်အာဏာပိုင်တို့ကို တိုက်တွန်းတောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly