ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန် တရုတ်က လေကြောင်းခရီးစဉ်များပြန်ဖွင့်သဖြင့် ပညာရှင်များ စိုးရိမ်နေ

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန် တရုတ်က လေကြောင်းခရီးစဉ်များပြန်ဖွင့်သဖြင့် ပညာရှင်များ စိုးရိမ်နေ

တရုတ်နိုင်ငံတွင် ဆေးရုံများ၌ ကိုဗစ်ကူးစက်သူများဖြင့် ပြည့်နှက်နေသလို လူသေအလောင်းများအတွက် မီးသင်္ဂြိုဟ်ရန် နေရာမရှိဖြစ်ကာ နိုင်ငံအတွင်း ရောဂါကူးစက်မှုပြန့်နှံ့နေချိန်၌ တရုတ် မြို့ပြလေကြောင်း စီမံခန့်ခွဲရေး (CAAC) က ဇန်နဝါရီ ၈ ရက်မှစ၍ ကိုဗစ်-၁၉ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ ရုပ်သိမ်းလိုက်သောကြောင့် ကမ္ဘာကြီးအတွက် အဆိုးရွားဆုံး အခြေအနေ ဖြစ်လာနိုင်ကြောင်းပညာရှင်များက သတိပေးလာသည်။

“နိုင်ငံတကာခရီးသွားမှုက မြင့်တက်လာဖွယ်ရှိပါတယ်။ ဒါပေမယ့် ကိုဗစ်အကြိုကာလအခြေအနေရောက်ဖို့ လပေါင်းများစွာကြာနိုင်ပါတယ်” ဟု Hang Seng တရုတ်ဘဏ်မှ စီးပွားရေးပညာရှင် ဒန်ဝမ်က Euro News သို့ ပြောသည်။

“ကိုဗစ်ဟာ တရုတ်နေရာအတော်များများမှာ ပျံ့နှံ့နေဆဲဖြစ်ပြီးတော့ ပုံမှန်အလုပ်အချိန်ဇယားတွေကို ကြီးကြီး မားမား အနှောင့်အယှက်ဖြစ်စေပါတယ်။ ထုတ်လုပ်မှုကျဆင်းတာတွေ သိသာနေပြီး ဝယ်လိုအားက ရောင်းလိုအား ထက် ပိုသာလာမှာဖြစ်လို့ လာမယ့်လအတွင်းမှာ ငွေကြေးဖောင်းပွမှုဖိအားက ပိုဆိုးလာပါလိမ့်မယ်” ဟု ဒန်ဝမ်က ဆိုသည်။

တရုတ် မြို့ပြလေကြောင်း စီမံခန့်ခွဲရေး (CAAC) က အန္တရာယ်မြင့်မားသော ပြည်တွင်းခရီးစဉ်များ သတ်မှတ်မှုကို ရပ်တန့်ပြီး ပြည်တွင်းလေကြောင်းလိုင်းများ၌ ခရီးသည်အရေအတွက် အများဆုံး ၇၅ ရာခိုင်နှုန်းထိ ကန့်သတ်ထားခြင်းကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့သည်။

တရုတ်နှင့် ပြည်ပလေကြောင်းလိုင်းများသည် နှစ်နိုင်ငံသဘောတူညီချက်များအရ ခရီးသည်တင်ယာဉ်ပျံသန်းမှုကို စီစဉ်ပေးမည်ဖြစ်ကြောင်း Global Times က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ တရားဝင်ကိန်းဂဏန်းများ၌ ယခုသီတင်းပတ်အတွက် ကိုဗစ်ကြောင့် သေဆုံးသူ ၁ ဦးသာရှိကြောင်း ဖော်ပြခဲ့သဖြင့် အစိုးရ၏အချက်အလက်များအပေါ် ကျန်းမာရေးပညာရှင်များနှင့် ဒေသခံများအကြား သံသယများ မြင့်တက်စေခဲ့သည်။

ဆေးရုံများတွင် လူနာများမှာ ပုံမှန်ထက် ၅ ဆမှ ၆ ဆအထိ များပြားနေပြီး အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း Euro News က ဖော်ပြသည်။

နေ့စဉ်ကူးစက်မှုများ သန်းပေါင်းများစွာ ရှိနိုင်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၌ တရုတ်တွင် ကိုဗစ်ကြောင်းသေဆုံးသူ အနည်းဆုံး ၁ သန်းခန့်ရှိမည်ဟု ကျန်းမာရေးပညာရှင်များက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly