ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို တရုတ် ရှုတ်ချ

ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို တရုတ် ရှုတ်ချ

တရုတ်နိုင်ငံက ဂျပန်နိုင်ငံ၏ ၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြင့်လာမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အလွန်အန္တရာယ်များသော အခြေအနေဖြစ်ကြောင်း ဝေဖန်လိုက်သည်။

ဂျပန်အစိုးရအဖွဲ့သည် လာမည့်နှစ် ဧပြီလမှစတင်သော ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ့ကာကွယ်ရေးဘတ်ဂျက်ကို စံချိန်တင်ပမာဏ ၆ ဒသမ ၈၂ ယန်း (အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃ ဘီလီယံ) အထိ ၂၆ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်ရန် ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့သည်။

“ဒါဟာ အလွန်အန္တရာယ်များတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်ပြီး ဂျပန်ရဲ့အာရှအိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ဂျပန်နိုင်ငံက ကာကွယ်ရေးအတွက်ရည်ရွယ်တဲ့အထူးသီးသန့်မူဝါဒနဲ့ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းအတွက် အမှန်အကန် ကတိပြုထားရဲ့လား ဆိုတဲ့ ဆိုးရွားတဲ့ သံသယတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ဒီဇင်ဘာ ၂၇ ရက်က ပြောကြားခဲ့သည်။

ဂျပန်သည် စစ်ရေးအရေထိုးဖောက်ရန် ဒေသတွင်းတင်းမာမှုများကို အရှိန်မြင့်နေကြောင်းနှင့် ရန်လိုမှု သမိုင်းကြောင်းကို အလေးအနက် ထင်ဟပ်ပြသနေကြောင်း ဝမ်ဝေဘင်းက စွပ်စွဲပြောဆိုခဲ့သည်။

ဂျပန်က တရုတ်၏ မကြုံစဖူးမဟာဗျူဟာစိန်ခေါ်မှုကို ရင်ဆိုင်ရန် တန်ပြန်တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင် သွားမည်ဟု ကတိပြုကာ ဒီဇင်ဘာ ၁၆ ရက်က လုံခြုံရေးမဟာဗျူဟာသစ်ကို ကြေညာခဲ့သည်။

မဟာဗျူဟာသစ်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံ၏ အကြီးဆုံးစစ်ရေးတည်ဆောက်မှုအဖြစ် ကာကွယ်ရေး စွမ်းရည်ကို အကြီးစားအဆင့်မြှင့်တင်မည့် ဂျပန်နိုင်ငံ၏ အစီအစဉ်အသေးစိတ်များ ပါဝင်သည်။

ဂျပန်ဥပဒေပြုလွှတ်တော်တွင် တင်ပြရဦးမည့် ဘတ်ဂျက်အသစ်သည် အထူးသဖြင့် တရုတ်ပြည်မကြီးအထိ ပစ်မှတ်များကို ပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်ကဲ့သို့ လက်နက်များ တီထွင်ထုတ်လုပ်ရေးအတွက် ယန်း ၈၉၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံ) ထောက်ပံ့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required