၄၄ လမ်းဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် မပိုးကျော့ကျော့ခန့်၏ ရင်သွေး ထောင်ပြင်ပသို့ ပြန်လည် ရောက်ရှိ 

၄၄ လမ်းဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် မပိုးကျော့ကျော့ခန့်၏ ရင်သွေး ထောင်ပြင်ပသို့ ပြန်လည် ရောက်ရှိ 

မဇ္ဈိမ။    ။ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၊ ၄၄ လမ်းအတွင်းရှိ တိုက်တစ်ခုအပေါ်မှ ခုန်ချခဲ့သည့်ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသော မပိုးကျော့ကျော့ခန့်၏ ရင်သွေးမှာ ပြင်ပရှိ မိသားစုထံသို့ ပြန်လည်ပို့ဆောင်ထားပြီဖြစ်သည်ဟု အင်းစိန်ထောင်တွင်းသတင်းအရင်းမြစ်က ယနေ့တွင် မဇ္ဈိကို ပြောသည်။ 

"မပိုးကျော့ကျော့ခန့်ကတော့ ကိုယ်ဝန်က မွေးပြီး ကလေးကို အပြင်(ထောင်ပြင်ပ)ကို ထုတ်ထားပြီးပါပြီ။ ဖမ်းခံခဲ့ရတုန်းက ကိုယ်ဝန် သုံးလနဲ့ပါ။ ထောင်ထဲကနေ အင်းစိန်ဆေးရုံမှာ မွေးခဲ့တာပါ"ဟု ဆိုသည်။ 

ထို့အပြင် တိုက်ပေါ်မှခုန်ချခဲ့သည့်ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသော ကိုဝေယံထက်မှာလည်း ခြေထောက်နှစ်ချောင်းကျိုးသွားသည့်အတွက် အကျဉ်းထောင်အတွင်း ချိုင်းထောက်ဖြင့်သာ  သွားလာနေရသည်ဟု ဆိုသည်။ 

"တိုက်ပေါ်ကခုန်ချတဲ့ အသက်ရှင်လျှက် ကျန်ခဲ့တဲ့သူတွေထဲမှာ ဝေယံထက်က ခြေထောက်နှစ်ချောင်းလုံးကျိုးသွားတဲ့အတွက် တစ်သက်လုံးပြန်မကောင်းတော့ဘူး။ ချိုင်းထောက်နဲ့ပဲသွားနေရတယ်။ မင်းသစ္စာအောင် နဲ့ ရဲမင်းဦးကတော့ ခုန်ချတဲ့အချိန်ရရှိတဲ့ ဒဏ်တွေကြောင့် ပကတိအကောင်းတော့ မဖြစ်သေးပေမယ့် သက်သာနေပါပြီ"ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ရှင်းပြသည်။ 

၄၄ လမ်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ကိုသီဟကောင်းဆက် အပါအဝင် ဝေဖြိုးအောင်၊ ရဲမင်းဦး၊ မင်းသစ္စာအောင်၊ ဝေယံထက်နှင့် မပိုးကျော့ကျော့ခန့်တို့ကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ- ၅ အရ ဒီဇင်ဘာလ ၂၇ ရက်က ဗိုလ်တထောင်ခရိုင်တရားရုံးက ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့သည်။ 

ယင်းအပြင် ၎င်းတို့ကို  ဗိုလ်တထောင်ခရိုင်တရားရုံးကပင် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ -၃/၆ အရ ကိုသီဟကောင်းဆက်အပါအဝင် ဝေဖြိုးအောင်၊ ရဲမင်းဦး၊ မင်းသစ္စာအောင်၊ ဝေယံထက်၊ကျော်ကျော်ဦး၊ ဟိန်းမင်းခန့်နှင့် စိုင်းဝင်းလွင်ထွဋ်တို့ကို ထောင်ဒဏ် ခုနစ်နှစ်ထပ်မံ ချမှတ်ခဲ့သည်။ 

အဆိုပါဖြစ်စဉ်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသည့် ရှစ်ဦးအနက် နှစ်ဦးမှာ တိုက်ပေါ်မှ ခုန်ချစဉ်သေဆုံးခဲ့ကာ ကျန်ခြောက်ဦးမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်) 

#ရန်ကုန်တိုင်း
#ဗိုလ်တထောင်မြို့နယ်
#၄၄လမ်း
#ထောင်ဒဏ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required