စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ငွေကျပ် ၄၄၀ ဘီလီယံကျော် ထပ်မံသုံးစွဲခွင့်ရ

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ငွေကျပ် ၄၄၀ ဘီလီယံကျော် ထပ်မံသုံးစွဲခွင့်ရ

မဇ္စျိမ။ ။ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက် ငွေကျပ် ၄၄၀ဘီလီယံကျော် ထပ်မံချထားပေးခြင်းပါဝင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို အာဏာသိမ်းစစ်​ကောင်စီက ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် ငွေကျပ် ၃,၇၀၀ဘီလီယံကျော် သုံးစွဲခွင့် ရရှိခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနသည် ယခုအခါ ငွေကျပ် ၄၄၀ ဘီလီယံကျော်ကို ဝန်ကြီးဌာနများထဲတွင် အများဆုံး ထပ်မံရရှိခြင်း ဖြစ်သည်။

ယခုပြဋ္ဌာန်းချက်သည် လက်ရှိဘဏ္ဍာ​ရေးနှစ်အတွက် အကျိုးသက်​ရောက်မည်ဖြစ်ပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ပြည်​ထောင်စု၏ ဘဏ္ဍာ​ငွေအရအသုံးဆိုင်ရာဥပ​ဒေအရ ခွင့်ပြုထားသည့် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံးစွဲခြင်းအပြင် ​နောက်ထပ်သုံးစွဲခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်​ကြောင်း ​ဖော်ပြထားသည်။

အဆိုပါ ဥပဒေတွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာန ၃၁ ခု အတွက် ငွေကျပ် ၁,၁၀၀ ဘီလီယံကျော် ထပ်မံချထားပေးပြီး ထိုအထဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကျပ် ၃၃၀ ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံး ထပ်တိုးရရှိထားသည်ကို တွေ့ရသည်။

ပညာရည်မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အစည်းအဝေးအချို့တွင် ပြောဆို​နေသည့် စစ်​ကောင်စီဥက္ကဋ္ဌက အာဏာသိမ်းပြီးနောက်တွင် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကာ ပညာရေးအသုံးစရိတ်ကို လျော့ချခြင်းများ ဆောင်ရွက်ခဲ့သည်။

လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်သတ်မှတ်ချက်တွင် ပညာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်ကို NLDအစိုးရလက်ထက်ကထက် ငွေကျပ် ၇၀၀ ဘီလီယံကျော်​ လျှော့ချကာ ကျပ်၂,၁၀၀ ဘီလီယံကျော်သာ သတ်မှတ်ခဲ့သည်။ ယခု​နောက်ထပ်ခွင့်ပြုသည့် သုံး​ငွေတွင်လည်း ပညာရေးဝန်ကြီးဌာနအတွက် ငွေကျပ် ၉၇ ဘီလီယံကျော်သာ သတ်မှတ်ထားသည်ကို တွေ့ရသည်။

ယခုဘဏ္ဍာနှစ်အတွက် ငွေကျပ် ၈၀၀ဘီလီယံကျော် သုံးစွဲခွင့်ရရှိခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာနကိုမူ ထပ်တိုး ကျပ်တစ်ဘီလီယံကျော် ချပေးထားသည်။

ထို့အပြင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့အတွက် စုစုပေါင်း ငွေကျပ် လေးဘီလီယံကျော် ထပ်တိုးသတ်မှတ်ပေးထားသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအရ ဝန်ကြီးဌာနများ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ စစ်ကောင်စီ၏ ရုံးများ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၊ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် ဗဟိုဘဏ်တို့အတွက် နောက်ထပ် ခွင့်ပြုသည့် သုံး​ငွေစုစုပေါင်းမှာ ငွေကျပ်၂,၆၀၀ဘီလီယံ ကျော်ရှိသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required