နှစ်ဟောင်းလည်ပြန်၊ ၂၀၂၂ ခုနှစ် အရေးကြီး ဖြစ်ရပ်များ

နှစ်ဟောင်းလည်ပြန်၊ ၂၀၂၂ ခုနှစ် အရေးကြီး ဖြစ်ရပ်များ

ရုရှားသမ္မတ ပူတင်နဲ့ ပထမ အကြိမ် တွေ့ဆုံခွင့်ရခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ဖူးသော်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခွင့်မရရှိခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် ပူတင်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။

သို့သော် နိုင်ငံတော်အဆင့် ဧည့်သည်တစ်ဦးအနေဖြင့် မဟုတ်ဘဲ ထိုနေ့က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ မြို့ FEFU Campus တွင် ကျင်းပသည့် အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် တွေ့ဆုံခဲ့ရခြင်းပင်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသို့ သုံးကြိမ်မြောက် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် တွေ့ဆုံခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင်် မင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်အား လက်အုပ်ချီ နှုတ်ဆက်ခဲ့ပြီး ကမ္ဘာကြီးအား တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နေသည့် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်ကြောင်း ချီးမွန်းပြောဆိုခဲ့သည်။

ထိုအချိန်က ရုရှားနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေချိန်ဖြစ်ပြီး လက်ရှိတွင်လည်း ထိုစစ်ပွဲမှာ ဖြစ်ပွားနေဆဲဖြစ်သည်။

ပူတင်သည် စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသော အခြား ဧည့်သည်များကဲ့သို့ပင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင်မင်းအောင်လှိုင်က “ ကျွန်တော်တို့ အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးမှာ ရူဘယ်၊ ယွမ် နဲ့ ရူပီးငွေကြေးတွေကို ဒေါ်လာ အစားထိုး အသုံးပြုသွားလို့ရနိုင်ပါတယ်။ ကုန်စည်ဖလှယ်မှုစနစ်မှာလည်း ဒေါ်လာ အစားထိုး ဆောင်ရွက်သွားနိုင်ပါတယ်။ ဒီနည်းအားဖြင့် နိုင်ငံငယ်တွေအနေနဲ့ ဒေါ်လာအနိုင်ကျင့်ခံရမှုကို ကျော်လွှားနိုင်မှာပါ ” ဟုပြောကြားခဲ့သည်။

ဒေါ်လာအနိုင်ကျင့်မှုအကြောင်းပြောကြားခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သော ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက မြန်မာနိုင်ငံတွင် ပြင်ပဒေါ်လာပေါက်‌‌ေစျး တစ်ဒေါ်လာလျှင် ၂,၈၀၀ ကျပ်အထိ ပေါက်‌ေစျး ရှိနေချိန်တွင် တစ်ဒေါ်လာ ၁,၈၅၀ ကျပ်ဖြင့်သာ လဲလှယ်ရန် သတ်မှတ်ထားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း ပို့ကုန်ဝင်ငွေမှရရှိသည့် နိုင်ငံခြားဝင်ငွေအား ရက်ပေါင်း ၃၀ အတွင်း မြန်မာကျပ်ငွေ အကောင့်သို့ ပြောင်းလဲရမည်ဟုလည်း အမိန့်ထုတ်ထားခဲ့သည်။

ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံရာတွင် တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာ အခြေအနေများကို ဆွေးနွေးခဲ့ေကြာင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ရှစ်ရက်တာ ကြာမြင့်ခဲ့သည့် ထိုခရီးစဥ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားအစိုးရ အဖွဲ့တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှားပြည်နယ်များ၊ တက္ကသိုလ်နှင့် စက်ရုံများသို့ သွားရောက်လေ့လာခဲ့သည် ။

စစ်ကောင်စီ၏ ၀ါဒဖြန့်သတင်းစာ တစ်ခုဖြစ်သည့် Global New Light of Myanmar က “ ကမ္ဘာ့ပြဿနာအရပ်ရပ်အား ဖြေရှင်းရေးတွင် ရုရှားသမ္မတက တရားနည်းလမ်းကျစွာ လုပ်ဆောင်ဟု မြန်မာရှုမြင်”ဟု ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက် နေ့တွင် ရေးသားဖော်ပြခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly