စစ်ကိုင်းမြို့နယ်တွင် ရွာမီးရှို့သည့် စစ်ကောင်စီတပ် အပြန်လမ်း၌ မိုင်းဆွဲခံရပြီး ၂ ဦးသေ

စစ်ကိုင်းမြို့နယ်တွင် ရွာမီးရှို့သည့် စစ်ကောင်စီတပ် အပြန်လမ်း၌ မိုင်းဆွဲခံရပြီး ၂ ဦးသေ

မဇ္ဈိမ။ ။ စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာနှစ်ရွာကို မီးရှို့ကာ နေအိမ်ဖောက်ထွင်းမှုများ ပြုလုပ်ပြီးနောက် အခြေစိုက် စခန်းကို ပြန်လာသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဇီးရိုးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်ဇီးရိုးက မဇ္ဈိမကို ပြောသည်။

အင်အား ၄၀ ခန့်ပါသော စစ်ကောင်စီတပ်မ (၃၃) စစ်ကြောင်းသည် မြင်းဆည်ရွာက အိမ်ခြေ ၅၀ ခန့်နှင့် သုံးလင့်ကျေးရွာက အိမ်ခြေ ၁၀၀ ခန့်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုစစ်ကြောင်းသည် ၎င်းတို့ အခြေစိုက်ရာ စစ်ကိုင်းမြို့ရှိ တပ်သို့ အပြန် မြင်းဆည်ကျေးရွာအရှေ့ဘက် ချောင်းရိုးအနီးတွင် ပဒေသာမိုင်းသုံးလုံးနှင့် ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ဇီးရိုးက မဇ္ဈိမကို ပြောသည်။

“ချောင်းရိုးဘက်က လယ်ကွင်းကို ဖြတ်တဲ့အချိန်မှာ ပဒေသာ မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပေါ့။ ပွဲချင်းပြီး နှစ်ယောက်သေတာကတော့ သေချာပါတယ်” ဟု ဗိုလ်ဇီးရိုးက ပြောသည်။

ထိုပဒေသာမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း နောက်ထပ် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဆိုသည်။

စစ်ကောင်စီတပ်မ (၃၃) သည် မြင်းဆည်ကျေးရွာအနီးတစ်ဝိုက် ပတ်လည်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မြင်းဆည်ရွာအတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များ ကို မီးရှို့ဖျက်ဆီးကြခြင်းဖြစ်သည်။

“လက်နက်ကြီးနဲ့ ပစ်ပြီးမှ ဝင်တော့ရွာသားတွေ ပြေးချိန်ရလိုက်တယ် ။ မြင်းဆည် ရွာကို မီးတင်သွားတာ ရွာတောင်ပိုင်းက အိမ်ခြေအနည်းငယ်ပဲ ကျန်ခဲ့တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထို့နောက် ညနေပိုင်းတွင် မြင်းဆည်ရွာက ထွက်လာပြီးနောက် သုံးလင့်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

“သုံးလင့်ရွာကို ညနေ ၅ နာရီကနေ ၆ နာရီလောက်အထိ မီးရှို့သွားတာ သုံးလင့်ရွာ တစ်ဝက်လောက် ကုန်သွားတယ်’ ဟု ဒေသခံတစ်ဦးက ပြောသည်။

ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သော မြင်းဆည်ကျေးရွာက အသက် (၈၀) အရွယ် ဒေါ်ခင်ပို လည်း မီးလောင်သေဆုံး သွားကြောင်း ဒေသတွင်းကာကွယ်ရေး သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ၈၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ် ။ စစ်ကောင်စီဘက်က ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး” ဟု အမရစစ်သည်တော် အဖွဲ့ က တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ မြင်းဆည်ကျေးရွာ၊ သုံးလင့်ကျေးရွာ၊ ကိုင်းပြင်၊ ကင်းတော်၊ လက်ပံတော၊ ဥယျာဉ်နှင့် မြစ်သာကျေးရွာ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းအတွင်း ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတိုက်ခိုက်နေကြသော ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်နေပြီး နေအိမ်အများအပြားကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ- မီးရှို့ခံရသည့် မြင်းဆည်ကျေးရွာမြင်ကွင်း (အရာတော်ပိုစ့်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required