နှစ်ဟောင်းလည်ပြန်၊ ၂၀၂၂ ခုနှစ် အရေးကြီး ဖြစ်ရပ်များ

နှစ်ဟောင်းလည်ပြန်၊ ၂၀၂၂ ခုနှစ် အရေးကြီး ဖြစ်ရပ်များ

စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်က စီးပွားရေး ကမောက်ကမများ

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် စီးပွားရေး ကမောက်ကမဖြစ်ရပ်များစွာ ဖြစ်ပေါ်စေခဲ့သော ဆုံးဖြတ်ချက်များကို တွေ့ရသည်။

- ပို့ကုန်၀င်ငွေ ထိန်းချုပ်မှုနှင့် ကျပ်ငွေ အသုံးပြုရေး

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ရက်က ပို့ကုန်ဝင်ငွေမှရရှိသည့် နိုင်ငံခြားဝင်ငွေအား ရက်ပေါင်း ၃၀ အတွင်း မြန်မာကျပ်ငွေ အကောင့်သို့ ပြောင်းလဲရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုစာရင်းတွင် သံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တိုက်ရိုက်လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများ၊ အထူးစီးပွါးရေးဇုန်မှ ရင်းနီးမြှုပ်နှံမှုများနှင့် လေကြောင်းလိုင်းများပါဝင်သည်။

မေလ ၂၅ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများအနေဖြင့် မြေငှားရမ်းခြင်း၊ အာမခံလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေထည့်ဝင်ခြင်း အစရှိသည်တို့တွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုရန် ညွှန်ကြားခဲ့သည်။

ထို့နောက် ဧပြီလ ၂၁ ရက်တွင် ၎င်းစာရင်းမှ ကင်းလွတ်ခွင့်ရသူများကို ထပ်မံထုတ်ပြန်လာသည်။

- ဒေါ်လာ‌ဈေး သတ်မှတ်ခြင်းနှင့် ပြင်ပချေးငွေရပ်ဆိုင်းခြင်း

ဇူလိုင်လ ၅ ရက်နေ့တွင် နယ်စပ်မှတင်ပို့နေသည့် ပဲ၊ ပြောင်း၊ ရော်ဘာနှင့် ဆီထွက်သီးနှံတင်ပို့မှုများကို ပင်လယ်ရေကြောင်းတင်ပို့မှုနှင့် တန်းတူဖြစ်စေရန်ဟုဆိုကာ ဒေါ်လာနှင့် ပြောင်းလဲဈေးသတ်မှတ်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ညွှန်ကြားခဲ့သည်။

ဇူလိုင်လ ၁၃ ရက်တွင် နိုင်ငံခြားငွေသုံးစွဲမှုကို တင်းကျပ်သည့်အနေဖြင့် ဗဟိုဘဏ်သည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် တစ်ဦးချင်း ချေးယူထားသော ပြည်ပချေးငွေပြန်ဆပ်မှုကို ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

အလားတူ ပြည်တွင်းဘဏ်များအနေဖြင့် အတိုး၊ အရင်းပြန်လည်ပေးဆပ်ရမည့် အစီအစဥ်ကို ပြည်ပချေးငှားသူများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်ဆိုထားသည်။

- ပြင်ပဒေါ်လာပေါက်‌ဈေးမြင့်တက်မှုနှင့် ဒေါ်လာရည်ညွှန်းဈေးပြောင်းလဲမှု

ဇူလိုင်လအတွင်း ပြင်ပဒေါ်လာပေါက်ဈေး တစ်ဒေါ်လာလျှင် ၂,၃၀၀ ကျပ် အထိရှိနေသော်လည်း နိုင်ငံခြားသားနှင့် မြန်မာဖက်စပ် ကုမ္ပဏီများ၏ နိုင်ငံခြားငွေကြေးကို တစ်ဒေါ်လာ ၁,၈၅၀ ကျပ်ဖြင့်သာ လဲလှယ်ရန် ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ဩဂုတ်လ ၁၀ ရက်နေ့တွင် ဗဟိုဘဏ်သည် ငွေလဲနှုန်းအား တစ်ဒေါ်လာလျှင် ၁,၈၀၀ ကျပ်မှ ၂,၁၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်ပြီးနောက် သုံည ဒဿမ သုံးရာခိုင်နှုန်း (၀.၃%) သာခွာ၍ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားခဲ့ပြန်သည်။

- ဗဟိုဘဏ် ဥက္ကဌအပြောင်းအလဲ

ဩဂုတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီမှ ဗဟိုဘဏ်၏ ထိပ်ပိုင်းအကြီးအကဲနေရာများကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

ယခင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသန်းညိမ်းနှင့် ဦးဝင်းသော်တို့ကို ရာထူးမှဖယ်ရှားပြီး ဒေါ်သန်းသန်းဆွေနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းရုံးညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ဇော်မြင့်နိုင်တို့ကို ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရာထူးများတိုးပေးလိုက်သည်။

၎င်းတို့နှစ်ဦးထဲတွင် ဗိုလ်ချုပ်ဇော်မြင့်နိုင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၏ ယောက်ဖတော်စပ်သူလည်းဖြစ်သည်။

- ပြင်ပအလုပ်သမားများနှင့် သင်္ဘောသားများ၏ လစာအား ထိန်းချုပ်မှု

စက်တင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းရှိန်က ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် ပြည်တွင်းဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီး တရားဝင် ဝင်ငွေလွှဲနိုင်ရေးအကူအညီပေးရန် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ပြောကြားခဲ့သည်။

ထို့နောက် အလုပ်သမားဝန်ကြီးဒေါက်တာပွင့်ဆန်းက နေပြည်တော်တွင် ပြုလုပ်သည့်အစည်းအဝေး၌ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်တွင်ဖြစ်စေ၊ အေဂျင်စီနှင့် အလုပ်သမားကြား ချုပ်ဆိုသည့် စာချုပ်တွင်ဖြစ်စေ၊ ပြည်ပရောက်အလုပ်သမားများ၏ လစာဝင်ငွေမှ ရာခိုင်နှုန်းသတ်မှတ်၍ မြန်မာနိုင်ငံသို့ ပြန်လွှဲပို့ရေးအချက်ကို ထည့်သွင်းချုပ်ဆိုရန်ဖိအားပေးခဲ့သည်။

ထို့အပြင် စက်တာဘာ ၈ ရက်နေ့၌ နိုင်ငံခြားငွေဖြင့်ရရှိသည့် သင်္ဘောသားများ၏ လုပ်ခလစာကို အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူရန် ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

- ရှရှားရူဘယ်နှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး

စစ်ကောင်စီသည် ဒေါ်လာစျေးမြှင့်တက်လာမှုကို အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများ ၏ ပိတ်ဆို့မှုကို တန်ပြန်နိုင်ရန်ကြိုးစားလာပြန်သည်။

ရှရှား၏ ရူဘယ်နှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး MIR Card ကို ပြည်တွင်း၌ အသုံးပြုနိုင်ရန် ကြိုးစားနေကြောင်း စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့ခြင်းဖြစ်သည်။

- တစ်ဒေါ်လာ ၃၀ ကျပ် အပိုပေးမည်ဟုဆို

ပြည်ပရောက်လုပ်သားများအနေဖြင့် မြန်မာနိုင်ငံသို့ ငွေပြန်လွှဲသည့်အခါ တရားဝင် (AC) လိုင်စင်ရရှိထားသည့် ဘဏ်များမှလွှဲပါက တစ်ဒေါ်လာကို ၃၀ ကျပ် အပိုပေးမည်ဟု ဗဟိုဘဏ်က အောက်တိုဘာ၂၈ ရက် တွင်ထုတ်ပြန်သည်။

၎င်းကြေညာချက်ထွက်လာချိန်၌ ဗဟိုဘဏ်သတ်မှတ်စျေးသည် တစ်ဒေါ်လာ ၂,၁၀၀ ကျပ်တွင်ရှိနေပြီး အပိုပေးမည့် ညွှန်ကြားချက်သည်လည်း နိုဝင်ဘာ ၁ ရက် နေ့မှ စတင်အသက်ဝင်မည်ဖြစ်သည်။

တစ်ချိန်တည်း၌ ပုဂ္ဂလိကဘဏ်တစ်ချို့သည် သင်္ဘောသားများ၏ လစာကို တစ်ဒေါ်လာ ၃,၀၀၀ ကျပ် အထိပေးမည့်အကြောင်း စက်တင်ဘာလထဲတွင် ကြေညာခဲ့သည်။

- FATF အဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းတင်သွင်း

အောက်တိုဘာ ၂၁ ရက်နေ့တွင် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ Financial Action Task Force (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းတင်သွင်းခဲ့ပြီးနောက် ပြင်ပဒေါ်လာဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်၂,၈၀၀ နှင့် ကျပ် ၂,၉၀၀ ကြားအထိ ပေါက်ဈေးရှိခဲ့သည်။

အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၃,၅၀၀ မှ ကျပ် ၄,၀၀၀ အထိ ဈေးတက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်တွင် ကျပ် ၃,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။

သို့သော်လည်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ အမည်ပျက်စာရင်းတင်သွင်းခံရမှုကို မစိုးရိမ်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

- ပို့ကုန်တင်ပို့ရာ၌ ယွမ်၊ ဘတ်တို့ဖြင့် ပေးသွင်းခွင့်ပြု

ပြည်ပနိုင်ငံများထံ ကုန်ပစ္စည်းတင်ပို့ရောင်းချခြင်းမှရရှိသည့် ပို့ကုန်ဝင်ငွေကို အမေရိ ကန်ဒေါ်လာအပြင် တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတို့ဖြင့်ပါ ပြန်လည် ပေးသွင်းခွင့်ပြုမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုဝင်ဘာလ ၁၉ ရက်တွင် ကြေညာထားသည်။

- စီးပွားရေးဆိုင်ရာ ထိပ်သီးညီလာခံတွင် ဖိတ်ကြားခြင်း မခံရ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပမည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံကို ဖိတ်ကြားထားခြင်းမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ဒီဇင်ဘာ ၇ ရက် သတင်းထုတ်ပြန်ခဲ့သည်။

- အနှစ်ချုပ်သုံးသပ်ချက်

အထက်ပါအချက်များအား အကျဥ်းချုပ်သုံးသပ်ကြည့်ပါက မူဝါဒအပြောင်းအလဲများကို ကြည့်ခြင်းအားဖြင့် ဗဟိုဘဏ်သည် ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းမှ ဒေါ်လာအထွက်စီးဆင်းမှုကို တတ်နိုင်သမျှ လျော့ချနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ပြည်ပမှ ဒေါ်လာရရှိရေးကိုလည်း အသည်းအသန် ကြိုးစားနေသည်ကို တွေ့ရသည်။

၎င်းကြိုးစားမှုများတွင် အခြေအနေအရ ပြည်ပသို့ အလုပ်ထွက်လုပ်ရသည့် လုပ်သားများထံမှ ကာလပေါက်စျေးထက်နည်းသော ငွေလဲနှုန်းဖြင့်ယူသည်လည်းပါဝင်သည်။

ထို့အပြင် ဗဟိုဘဏ်သည် အမိန့်ပေးစီးပွားရေးစနစ်ကို သုံးကာ နိုင်ငံခြားငွေစျေးကွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့မှုသည်လည်း ထင်ရှားသည်။

၎င်းတို့၏ မတည်ငြိမ်သောမူဝါဒအပြောင်းအလဲများကြောင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် Visa, Master Card များ အသစ် လျှောက်ထားမှုကိုပါ ယာယီပိတ်ပင်ခဲ့ရသည်။

ထို့အပြင် ရုရှားရူဘယ်မှ ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေးနှင့် MIR Card အသုံးပြုမည်ဆိုသော ၎င်းတို့မျှော်လင့်ချက်သည်လည်း အကောင်အထည်မဖော်နိုင်သော စိတ်ကူးယဥ်သက်သက်သာ ဖြစ်နေသည်။

ဗဟိုဘဏ်သည် အွန်လိုင်းတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်နေသည့် စာမျက်နှာတချို့နှင့် အရောင်းအဝယ်ပြုလုပ်နိုင်ရန် ဖန်တီးထားသည့် စာမျက်နှာများကို တရားစွဲခြင်းမျိုးလည်း လုပ်ဆောင်ခဲ့သည်။

ငွေသားသန်းနှင့်ချီ ထုတ်ယူခဲ့သည့် ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင် ခုနစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ငွေလဲကောင်တာတချို့မှ လုပ်ငန်းရှင်များကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့သည်။

စာတည်း ။ ။ ကိုစိုးသူအောင်

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly