အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

By Devdiscourse
28 December 2022
အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်သည် တည်ငြိမ် အားကောင်းသော ဆက်ဆံရေးဖြင့် အိန္ဒိယနှင့် ပူးပေါင်းလက်တွဲလုပ်ကိုင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒီဇင်ဘာ ၂၅ ရက်က ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်နှင့် အိန္ဒိယတို့သည် သံတမန်ရေးနှင့် စစ်ဘက်ဆိုင်ရာ လမ်းကြောင်းများမှတစ်ဆင့် ဆက်သွယ်မှုကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံစလုံးသည် နယ်စပ်ဒေသများ တည်ငြိမ်ရေးကို မြှင့်တင်ရန် ကတိပြုထားကြောင်းနှင့် တည်ငြိမ် အားကောင်းသော တရုတ်-အိန္ဒိယဆက်ဆံရေးဖြင့် အိန္ဒိယနှင့်အတူလက်တွဲရန် အသင့်ရှိကြောင်း” ဝမ်က သတင်းထောက်များကို ပြောခဲ့သည်။

အိန္ဒိယနယ်စပ် အာရူနာချားလ်ပြည်နယ် တာဝမ်ဒေသတွင် ဒီဇင်ဘာ ၉ ရက်က အိန္ဒိယနှင့်တရုတ်စစ်တပ်များ ပဋိပက္ခဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ဒီဇင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံဘက်ခြမ်းရှိ ချူရှူး-မော်ဒို နယ်ခြား စောင့်တပ်စခန်းတွင် ၁၇ ကြိမ်မြောက် တပ်မမှူးအဆင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး နိုင်ငံအနောက်ပိုင်း ဒေသများတွင် မြေပြင်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် သဘောတူညီခဲ့ကြသည်ဟု အိန္ဒိယပြည်ပ ရေးရာ ဝန်ကြီးဌာနက (MEA) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နှစ်ဖက်အဖွဲ့ဟာ ကြားကာလမှာ အနောက်ပိုင်းက မြေပြင်လုံခြုံရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ သဘောတူခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နှစ်ဘက်စလုံးက နီးကပ်စွာ ဆက်ဆံရန် သဘောတူပြီး စစ်ရေးနှင့် သံတမန်လမ်းကြောင်းများမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လုပ်ကာ ကျန်ရှိသည့် ပြဿနာရပ်များအား နှစ်ဦးနှစ်ဖက် လက်ခံနိုင်ဖွယ်ရှိသော ဖြေရှင်းမှုများကို အစောဆုံး လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly