တရုတ်နိုင်ငံဆိုင်ရာ ဆော်လမွန်ကျွန်းစု သံအမတ်ကြီး ပေကျင်း၌ ကွယ်လွန်

တရုတ်နိုင်ငံဆိုင်ရာ ဆော်လမွန်ကျွန်းစု သံအမတ်ကြီး ပေကျင်း၌ ကွယ်လွန်

တရုတ်နိုင်ငံဆိုင်ရာ ထိပ်တန်းသံအမတ်များအနက် တစ်ဦးဖြစ်သည့် ဆော်လမွန်ကျွန်းစုသံအမတ်ကြီး ဂျွန်မိုဖက်ဖူဂူဝီသည် ရာထူးသက်တမ်း ၂ နှစ်မပြည့်မီ ကွယ်လွန်သွားခဲ့ကြောင်း Strait Times သတင်းစာက ဖော်ပြသည်။

ဂျွန်မိုဖက်ဖူ သေဆုံးသော်လည်း ဩစတြေးလျနှင့်အမေရိကန်တို့ကို အထိတ်တလန့်ဖြစ်စေခဲ့သည့် တရုတ်နှင့်ဆော်လမွန်အကြား ၅ နှစ်သက်တမ်း နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်ကို ဆိုးဆိုးရွားရွား အဟန့်အတားဖြစ်နိုင်ဖွယ်မရှိပေ။

ဖူဂူသည် ဒီဇင်ဘာ ၂၂ ရက်က ကွယ်လွန်သွားခြင်းဖြစ်ပြီး သံတမန်သက်တမ်း ၂ နှစ်အတွင်းသေဆုံးသည့် ၇ ဦးမြောက် တရုတ်ဆိုင်ရာ နိုင်ငံခြားသံမန်ဖြစ်လာခဲ့သည်။

သံအမတ်ကြီး ဖူဂူဝီသည် ၂၀၂၁ ခုနှစ် မေလတွင် တရုတ်နိုင်ငံဆိုင်ရာ ဆော်လမွန်ကျွန်းစုနိုင်ငံ၏ ပထမဆုံးသံအမတ်ကြီး ဖြစ်ခဲ့ပြီး ကွယ်လွန်ချိန်တယွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။

တရုတ်နှင့် ဆော်လမွန်ကျွန်းစုတို့သည် ၂၀၂၂ ခုနှစ် ဧပြီလတွင် လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အာရှအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်က ပစိဖိတ်ဒေသတွင် စစ်ရေးခြေကုပ် ချဲ့ထွင်နိုင်မည်ကို ဩစတြေးလျနှင့် အမေရိကန်တို့အား စိုးရိမ်မှုမြင့်တက်စေခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနိုင်ငံတော်ကောင်စီဝင်ဖြစ်သူဝမ်ယိသည် မေလက ဆော်လမွန်ကျွန်းစုသို့ သွားရောက်ခဲ့စဉ် တောင်ပစိဖိတ်ဒေသတွင် စစ်စခန်းတည်ဆောက်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကာ အနောက်နိုင်ငံများ၏ စိုးရိမ်ပူပန်မှုများ လျော့ကျစေရန် ကြိုးပမ်းခဲ့သည်။

ဖူဂူဝီသည် ဆော်လမွန်ကျွန်းစုများ၏မြို့တော် ဟိုနီယာရာနှင့် တရုတ်မြို့များအကြား တိုက်ရိုက်လေကြောင်းများ ပြေးဆွဲရန်၊တရုတ်နိုင်ငံသို့ တူနာငါးနှင့် သစ်တင်ပို့မှုကို မြှင့်တင်ရန်၊ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားများကို ဆွဲဆောင်ရန်၊ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန် ကြိုးစားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာကို ကိုးကား၍ Strait Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required