ပါကစ္စတန်တွင် မိန်းကလေးငယ်များကို အစ္စလမ်ဘာသာသို့ အတင်းအကျပ်ကူးပြောင်းခိုင်းသည့် ဖြစ်စဉ်များအပေါ် အရပ်ဘက်အဖွဲ့အစည်းက ဆန္ဒပြ

By The Daily Hunt
28 December 2022
ပါကစ္စတန်တွင် မိန်းကလေးငယ်များကို အစ္စလမ်ဘာသာသို့ အတင်းအကျပ်ကူးပြောင်းခိုင်းသည့် ဖြစ်စဉ်များအပေါ် အရပ်ဘက်အဖွဲ့အစည်းက ဆန္ဒပြ

ပါကစ္စတန်နိုင်ငံတွင် လူနည်းစု ခရစ်ယာန်အသိုင်းအဝိုင်းမှ မိန်းကလေးငယ်များ ပြန်ပေးဆွဲခံရမှုများ၊ အတင်းအကျပ် ဘာသာအယူ ကူးပြောင်းခိုင်းခံရမှုများနှင့် အသက်မပြည့်သေးသည့် မိန်းကလေးများကို အတင်းအကျပ် လက်ထပ်ပေးစားမှု ဖြစ်စဉ်များ မြင့်တက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက အစီရင်ခံစာသစ်တစ်ရပ်တွင် ထုတ်ဖော်လိုက်ပြီး နိုင်ငံတွင် ဘာသာရေးလူနည်းစုများ ကြုံတွေ့နေရသည့် အကျပ်အတည်းဒုက္ခများကို အလေးပေးဖော်ပြလိုက်သည်။

ပါကစ္စတန်နိုင်ငံတစ်ဝန်း ခရစ်ယာန်အသိုင်းအဝိုင်းမှ မိန်းကလေးများနှင့် အမျိုးသမီးများ အဓမ္မ ခေါ်ဆောင်ခံရမှုများ၊ အတင်းအကျပ် ဘာသာအယူ ကူးပြောင်းခိုင်းခံရမှုများနှင့် အသက်မပြည့်သေးသည့် ကလေးများ အတင်းအကျပ် လက်ထပ်ပေးစားခံရမှုများ ပါဝင်သည့် ဖြစ်စဉ်ပေါင်း ၁၀၀ ခန့်ကို ထိုအစီရင်ခံစာက စုံစမ်းစစ်ဆေးခဲ့သည်။

အတင်းအကျပ် ဘာသာအယူ ကူးပြောင်းခိုင်းမှုများသည် အထူးသဖြင့် ဘာသာရေး လူနည်းစု အသိုင်းအဝိုင်း များမှ မိန်းကလေးများ ပြန်ပေးဆွဲခံရခြင်း၊ ကလေးသူငယ်များ လက်ထပ်ပေးစားခံရခြင်းနှင့် လက်ထပ် ပေါင်းသင်းမှုများကို တားဆီးနိုင်ရန် ရည်ရွယ်သည့် ရှိရင်းစွဲ ဥပဒေများကို အကောင်အထည်ဖော် အာဏာတည်စေ ရန် အစိုးရဘက်က ဆိုးဆိုးရွားရွား ပျက်ကွက်နေခြင်းနှင့် သက်ဆိုင်နေကြောင်း အစီရင်ခံစာက လေ့လာ တွေ့ရှိခဲ့သည်။

လူနည်းစုအသိုင်းအဝိုင်းများမှ မိန်းကလေးများနှင့် မိသားစုများ၏ ပျော့ကွက် အားနည်းချက်များ၊ အမြတ်ထုတ်အသုံးချနိုင်သည့် ဥပဒေဆိုင်ရာ ဂယ်ပေါက်များနှင့် ခုခံနိုင်စွမ်း အားနည်းသော ဘာသာရေးလူနည်းစုများ ၎င်းတို့ကိုယ်ကိုယ် ခုခံကာကွယ်ရန် ခက်ခဲစေနိုင်သည့် စေ့စပ်၍ မရနိုင်သော တရားရုံးဆုံးဖြတ်ချက်များ ဆက်စပ် ပါဝင် ပေါင်းစုံနေသည့် အကဲဖြတ်ချက်နှင့် လေ့လာတွေ့ရှိချက်များကို

အစီရင်ခံစာက ထုတ်ဖော်ထားကြောင်း Jubilee Campaign အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး အန်နီဂျီ ဘူဝယ်လ်ဒါက ပြောသည်။

ယခုအစီရင်ခံစာသည် ပါကစ္စတန်နိုင်ငံတွင် ကလေးများ လက်ထပ်ပေးစားခံရမှုများနှင့် အတင်းအကျပ် အယူဘာသာ ကူးပြောင်းခိုင်းခံရခြင်းများကိုအဆုံးသတ်စေရန်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ပေးနိုင်မည့် ဆောင်ရွက်ချက်ကို ထပ်မံ လှုံ့ဆော်ပေးမည့် အရေးပါသော အရာအဖြစ် ရှိနေလိမ့်မည် ဖြစ်ကြောင်း သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required