မုံရွာ-မန္တလေးလမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်အနီး စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မုံရွာ-မန္တလေးလမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်အနီး စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာ-မန္တလေးလမ်းပိုင်း စွမ်းရည်ထက် ဆီဆိုင်အနီးတွင် ကင်းထောက်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို Brave Heart Army(BHA)တပ်ဖွဲ့က ဒီဇင်ဘာလ၂၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်လိုက်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း BHA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

“ကျနော်တို့ ရဲဘော်တွေနဲ့ မျက်မြင်ပြည်သူတွေရဲ့ ပြောကြားချက်အရ စစ်သား နှစ်ဦး နေရာတင် သေသွားတယ်။ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ၁၅ မ်ိနစ်လောက် ပြန်လည် ပစ်ခတ်တာမျိုးတွေ လုပ်တယ်။ မိနစ် ၃၀ ခန့်အကြာမှာ လူနာတင်ကားတွေ နဲ့ လာရောက်ခေါ်ဆောင် သွားတယ်” ဟုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ပျူစောထီးဆိုသူများ အများစုနေထိုင်သည့် တောပုရွာအနီးရှိ စွမ်းရည်ထက်ဆီဆိုင်နှင့် မလှမ်းမကမ်းနေရာတွင် သဲထုပ်များ စီချထားသည့်နေရာသို့ ကင်းပုန်းဝပ်ရန် လာကြခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့က ကြိုတင်သတင်းရရှိထား၍ စစ်ကောင်စီတပ်ဖွဲ့ကို လေးလုံးတွဲ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်သည်ဟု BHA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ရှင်းပြသည်။

Brave Heart Army တပ်ဖွဲ့မှ မြို့တွင်း မစ်ရှင်များ ဖော်ဆောင်ရန် ရှိသည့်အတွက် မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်စခန်းများနှင့် စစ်ကောင်စီတပ်သားများ အနီးတစ်ဝိုက်တွင် နေထိုင်သွားလာခြင်း မပြုရန် သတိပေးထားကြောင်းသိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required