လသာမြို့နယ် ထွေအုပ်ရုံးရှေ့ စစ်ကောင်စီကင်းတဲ ဗုံးခွဲတိုက်ခိုက်ခံရ

လသာမြို့နယ် ထွေအုပ်ရုံးရှေ့ စစ်ကောင်စီကင်းတဲ ဗုံးခွဲတိုက်ခိုက်ခံရ

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ (၄) ရပ်ကွက်၊ လသာလမ်းရှိ မြို့နယ်ထွေအုပ်ရုံးရှေ့ စစ်ကောင်စီကင်းတဲ ယနေ့ ဒီဇင်ဘာ ၂၈ ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

"ထွေအုပ်ရုံးမှာလည်း ခွေး(စကစတပ်သား)တွေရှိတယ်၊ မျက်စောင်းထိုးက လသာရဲစခန်းမှာလည်းရှိတယ်၊ ကင်းတဲကိုပဲ ချခဲ့တာပါဗျ။ ရုံးရှေ့မှာ ကင်းတဲရှိတယ်၊ အဲ့တာကိုလုပ်တာပါဗျာ။" ဟု တိုက်ခိုက်မှုပြုလုပ်ခဲ့ပုံကို Freeland Attack Force (FLA) အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား Freeland Attack Force (FLA)နှင့် မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) , Revolution of 21 Century အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အဖွဲ့သားများမှာ ဘေးကင်းရာနေရာသို့ စွန့်ခွာလာနိုင်ကြောင်း သိရသည်။

ယခုကာလသည် နှစ်သစ်ကူးရက်နီးလာပြီဖြစ်သဖြင့် လူစုလူဝေးများရှိနိုင်သည့်နေရာများကို မြို့ပြပြောက်ကျားများက တိုက်ခိုက်သည့်သဏ္ဌာန် ပုံမှားရိုက်ကာ စစ်ကောင်စီတပ်နှင့်လက်အောက်ခံများမှာ ဖောက်ခွဲမှုများပြုလုပ်လာနိုင်သဖြင့် အကယ်၍ ပျော်ပါးသွားလာကြမည်ဆိုပါက သတ်ကွင်းလိုနေရာမျိုးကိုရှောင်ကာ ပျော်စေချင်ကြောင်း FLA မြို့ပြပြောက်ကျားအဖွဲ့က ပြည်သူများကို အသိပေး မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required