အမေရိကန်သံရုံးရှေ့ စစ်ကောင်စီထောက်ခံသူတချို့ ဆန္ဒပြ

အမေရိကန်သံရုံးရှေ့ စစ်ကောင်စီထောက်ခံသူတချို့ ဆန္ဒပြ

မဇ္ဈိမ ။ ။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအရှေ့တွင် " အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့ " စာတန်းပါ ဗီနိုင်းကိုင်ဆောင်ပြီး စစ်ကောင်စီထောက်ခံသူတချို့က ဒီဇင်ဘာ ၂၈ ရက်တွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြောင်းနှင့် အကြမ်းဖက် NUG၊ PDF အလိုမရှိဟူသည့် ဗီနိုင်းများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

" လူနည်းစုပါ။ နာရီဝက် ကျော်ကျော်လောက် ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြသွားတာ။ ဒါက ရှင်းပါတယ်ဗျ။ လာပြတဲ့သူတွေဟာ စကစ (စစ်ကောင်စီ) အသုံးချခံတွေပဲ "ဟု ၁၅ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ပြီး CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် တရားရေးဝန်ထမ်းတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်တန့်ရန်အပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ၌ အဆိုတင်သွင်းခဲ့သည်မှာ ဗြိတိန်နိုင်ငံမှဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်တွင်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ တော်လှန်ရေးအင်အားစုများကို နည်းပညာနှင့် လူကို သေစေခြင်းမရှိသည့် အကူအညီမျိုး ထောက်ပံ့ပေးမည့် အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကိုလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးထားသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly