တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်နှင့် ထောင် ၁၅ နှစ်ချမှတ်ခံရ

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်နှင့် ထောင် ၁၅ နှစ်ချမှတ်ခံရ

မန္တလေး(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်၊ ထောင်တွင်း တရားရုံးက တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ယနေ့ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း တရားရေးအသိုက်အ၀န်းထံမှ သိရသည်။

“စွပ်စွဲခံရတဲ့ပုဒ်မနဲ့ပဲ ထောင် ၁၅ နှစ်ချခံရတယ်၊ အလုပ်နဲ့ထောင် ၁၅ နှစ်ဆိုပြီး ဒီနေ့မနက် အမိန့်ချတယ်” ဟု မြို့ခံရှေ့နေတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဒေါ်ရွက်နုအောင်ကို ပြီးခဲ့သည့်ဧပြီလ ၂၈ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေကြေးထောက်ပံ့ကြောင်း စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်သည် နေပြည်တော်မှ ကလေးငယ် ဗစ်တိုရီးယားအမှုနှင့် မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ်ကိုဆွေ၀င်းအမှုတို့ကို လိုက်ပါဆောင်ရွက်ရာမှ လူသိများသူတစ်ဦး ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦး၀င်းထိန်အပါအ၀င် နိုင်ငံရေးအင်အားစုများ၏ အမှုများ၊ တိုင်းအစိုးရအဖွဲ့၀င်များ၏ အမှုများကို လိုက်ပါဆောင်ရွက်ရင်း ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် မန္တလေးအိုးဘိုထောင်တွင်းတရားရုံး မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရုံးချိန်းတစ်ခုမှအပြန်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required