မန္တလေးက CDM အထူးကုဆရာ၀န်ကြီးအပါအ၀င် ကျန်းမာရေး၀န်ထမ်း ၃ ဦးကို စစ်ကောင်စီက လူနာအသွင်ယူ ဖမ်းဆီး

မန္တလေးက CDM အထူးကုဆရာ၀န်ကြီးအပါအ၀င် ကျန်းမာရေး၀န်ထမ်း ၃ ဦးကို စစ်ကောင်စီက လူနာအသွင်ယူ ဖမ်းဆီး

မန္တလေး(မဇ္ဈိမ)။ ။ မန္တလေးမြို့၊ ပုဂ္ဂလိကဆေးရုံနှစ်ခုမှ CDM အထူးကုဆရာ၀န်ကြီးအပါအဝင် ကျန်းမာရေး၀န်ထမ်း သုံးဦးကို စစ်ကောင်စီက လူနာအသွင်ယူ၍ ဖမ်းဆီးသွားကြောင်း သိရသည်။

" တစ်ယောက် ယောက် လက်ထောက်ချတယ်ထင်တယ်။ PDF ကို ထောက်ပံ့တယ်ဆိုပြီး ၀င်ဖမ်းသွားတာ။ ဆရာ၀န်ကြီး ဆေးရုံထဲအလုပ်ချိန်မှာကို ၀င်ဖမ်းသွားတာ" ဟု ဖမ်းဆီးခံ CDM အထူးကုဆရာ၀န်ကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၅ ရက်တွင် နန်းတော်ဆေးရုံမှ ဆီးနှင့်ကျောက်ကပ် အထူးကုဆရာ၀န်ကြီး ဒေါက်တာ၀င်းခိုင်ကို စစ်အုပ်စုက လူနာအသွင်ယူကာ ဆေးရုံထဲ၀င်ပြီး သေနတ်ထောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကျန်းမာရေး ၀န်ထမ်းအသိုက်အ၀န်းထံက သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၄ ရက်တွင် မြို့တော်ဆေးရုံမှ ဓာတ်မှန်ကျွမ်းကျင်၀န်ထမ်း အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးခဲ့သည်။ သို့သော် ဓာတ်မှန်ကျွမ်းကျင် ၀န်ထမ်းအမျိုးသမီးနှစ်ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကို မဇ္ဈိမမှ စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီသည် နိုဝင်ဘာကလည်း မန္တလေးဆေးတက္ကသိုလ်မှ ကထိကနှင့် အထူးကုဆရာ၀န်ကြီးများအပါအ၀င် ကျန်းမာရေး၀န်ထမ်း ၃၀ ကျော်ကိုဖမ်းဆီးပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် အောက်တိုဘာလအထိ ကျန်းမာရေး၀န်ထမ်း ၅၈ ဦး သတ်ဖြတ်ခံထားရပြီး ခုနစ်ရာကျော် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required