ရခိုင်စစ်ရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီမှ ဖိအားပေးနေ

ရခိုင်စစ်ရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီမှ ဖိအားပေးနေ

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန် စစ်ကောင်စီတပ်မှ ဖိအားပေးနေကြောင်း ဒေသခံစစ်ရှောင်များထံမှ သိရသည်။

မိမိနေရပ်သို့ မပြန်သည့်စစ်ရှောင်များအနေဖြင့် စစ်ကောင်စီမှထောက်ပံ့ပေးနေသည့် ဆန်ကို မရရှိတော့ကြောင်း ကျောက်တော်မြို့နယ် ရထားဘူတာအနီး စစ်ဘေးရှောင်စခန်းမှ စစ်ရှောင် တစ်ဦးက ပြောပြသည်။

“ လူကယ်ပြန်က ထောက်ပံ့ကြေး (ဆန်) မပေးတော့တာက ခုနစ်လ လောက်ရှိပြီ၊ ထောက်ပံ့ကြေး (ဆန်) မပေးတာက စစ်ကောင်စီက နေရပ်ပြန်ခိုင်းတာကို မပြန်တာကြောင့် မပေးဘူးလို့ ပြောကြတယ်။ နေရပ်ပြန်ဖို့အတွက် အာမခံချက်တစ်ခုမှ မရှိဘဲ ကျွန်တော်တို့ မပြန်ချင်ပါဘူး။ သူတို့ကနေရပ်ပြန်မှ ထောက်ပံ့ပေးမယ်ဆိုတာက ကျနော်တို့ကိုဖိအားပေးနေတာပါပဲ ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်စစ်ကောာင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တစ်လလျှင် လူတစ်ဦးကို ဆန် တစ်တောင်းစီ ထောက်ပံ့ ပေးနေခြင်းဖြစ်သည်။

နေရပ်ပြန်မည့် စစ်ဘေးရှောင်များကို ပြည်နယ်စစ်ကောင်စီမှ ငွေကျပ် ၅၀၀,၀၀၀၊ လူကယ်ပြန်မှ ငွေကျပ် ၁၀၀,၀၀၀နှင့် ဆန်ရိက္ခာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောဆိုထားသည်။

စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်လိုသော်လည်း တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည့်အခြေအနေ၊ မိုင်းအန္တရာယ်တို့နှင့် မိမိတို့၏ ရပ်ရွာအနီးတွင် မြန်မာစစ်တပ်မှ တပ်စွဲထားသည်များ ရှိသည့်အတွက် စိုးရိမ်မှုများရှိနေကြခြင်း ဖြစ်သည်။

“ လွန်ခဲ့တဲ့ တစ်လလောက်ကလည်း နေရပ်ပြန်မယ်။ လူတွေကို စာရင်းကောက်တယ်။ ဒါပေမဲ့ ကျနော်တို့ မပေးလိုက်ဘူး။ ဘာလိုလဲ ဆိုရင် အရင်ကလို တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ်လို့ ပြန်ဖို့အတွက် စာရင်းမပေးလိုက်ဘူး။ နေရပ်ပြန်ဖို့တိုင်အောင် မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေ၊ မိုင်းအန္တရာယ်တွေ အကုန်လုံးရှင်းလင်းပြီးမှ ကျနော်တို့ ပြန်နိုင်မယ်” ဟု ဖားပြို စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

မိုင်းရှင်းလင်းခြင်းမရှိဘဲ နေရပ်ပြန်ခိုင်းခြင်းမှာ စစ်ကောင်စီအား မေးခွန်းထုတ်စရာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

“ သြဂုတ်လ နောက်ပိုင်း သုံး၊ လေး လဖြစ်ခဲ့တဲ့ စစ်ရေးတင်းမားမှုတွေမှာဆိုရင် ထပ်ပြီးတော့ မိုင်းအန္တရာယ်တွေက အရင် အခြေအနေမျိုးတွေလိုမရှိဘူးလို့ ပြောလို့မရဘူး။ ဒီအခြေအနေမှာ မင်းတို့ပြန်တော့ဆိုတဲ့ကိစ္စက အလွန်တရား တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းမှာ မေးခွန်းထုတ်စရာတော့ဖြစ်တယ် ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဦးရေ တစ်သိန်းကျော်အထိရှိနေပြီး စစ်ကောင်စီမှ ထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်ထားသည့်အပြင် အလှူရှင်လည်း နည်းပါးလာသည့်အတွက် စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်နေရသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required