ဘုတလင်မြို့ ထွေအုပ်ရုံးတွင် ဝန်ထမ်းလျှောက်သူများ ဒလန်အဖြစ် ကာကွယ်ရေးတပ်ဖွဲ့ သတ်မှတ်

ဘုတလင်မြို့ ထွေအုပ်ရုံးတွင် ဝန်ထမ်းလျှောက်သူများ ဒလန်အဖြစ် ကာကွယ်ရေးတပ်ဖွဲ့ သတ်မှတ်

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊မုံရွာခရိုင် ၊ ဘုတလင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လိုအပ်လျက်ရှိသောနေရာများ၌ ဝန်ထမ်းများခေါ်ယူလျက်ရှိရာ စစ်ကောင်စီလက်အောက် အလုပ်ဝင်လုပ်သူများကို ဒလန်အဖြစ်သတ်မှတ်ကြောင်း PDF LION INGAR BUDALIN က ဒီဇင်ဘာ ၂၇ရက်နေ့တွင် ထုတ်ပြန်သည်။

ဘုတလင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးတွင် CDM ပြုလုပ်သွားသည့်အတွက် လစ်လပ်သွားသော နေရာများတွင် အစားထိုးခန့်အပ်ရန်နှင့် လိုအပ်သော ဝန်ထမ်းများကို ခန့်ရန်အတွက် ဝန်ထမ်းသစ်များ ခေါ်ယူဖြည့်တင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဝန်ထမ်းနေရာများတွင် ဘုတလင်မြို့အနီးနားကျေးရွာများမှ ဘွဲ့ရ လူအချို့နှင့် CDM မပြုလုပ်သည့်ဝန်ထမ်များ၏ ဘွဲ့ရ ၊ ဆယ်တန်းအောင် ဆွေမျိုးသားချင်းများ ဝင်ရောက်လျှောက်ထား လုပ်ကိုင်နေကြကြောင်းဆိုသည်။

“အဓိက ကတော့ ရွေးကောက်ပွဲအတွက်လို့ကြားတယ်ဗျ ၊ ရွေးကောက်ပွဲအတွက် စာရင်းကိုင်တွေကအစ မရှိလို့ခေါ်နေတာ ၊ ဘုတလင်ထွေအုပ်ရုံး ဝန်ထမ်းတွေက အခုနောက်ပိုင်း တော်တော်များများ CDM လုပ်လာကြတယ်၊ ဒါကြောင့် လူတွေလို နေတာ” ဟု PDF – LIB တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အလုပ်အကိုင်နေရာများအတွက် အလုပ်ဖောင်တင်လျှောက်ပြီးနောက် လူတွေ့ စစ်ဆေးသည့်အချိန်တွင် လျှောက်လွှာရှင်များအား ၎င်းတို့ရွာတွင် PDF များနေထိုင် ဆက်သွယ်ခြင်းရှိမရှိ နှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုသတင်းများမေးမြန်းကြောင်း သိရသည်။

ယင်းသို့ သတင်းပေးနိုင်သူများကို အလုပ်ခန့်အပ်ကြောင်းနှင့် အလုပ်ရရှိသွားသူများ၏ ရွာ သို့မဟုတ် ဆွေမျိုးများရှိရာ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးသည့်အချိန် ကာကွယ်ရေးတပ်ဖွဲ့များ၏ နေအိမ်များကို စာရင်းနှင့်တကွ တိုက်ရိုက် ဝင်ရောက်ရှာဖွေခံရသဖြင့် PDF အဖွဲ့ဝင်နှင့်နီးစပ်သူ ၁၀ဦးခန့် ဖမ်းဆီးခံရပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းပေး၍ ဝန်ထမ်းပြုလုပ်နေသောသူများအား အသိပေးလိုကြောင်း စစ်ကောင်စီ နှင့် ၎င်းတို့၏ ဌာနဆိုင်ရာရုံးများသည် ၎င်းတို့၏ ပစ်မှတ်ဖြစ် သောကြောင့် ယင်းအတွက် အလုပ်လျှောက် ဝင်ရောက်လုပ်ကိုင်သူများ၏ အသက်ကို အာမ မခံနိုင်ကြောင်း တာဝန်ခံမှ ဆက်လက်ပြောဆိုသည်။

လတ်တလောအားဖြင့် အဆိုပါ ထွေအုပ်ရုံးတွင် လူ ၃၀ခန့် လျှောက်လွှာ တင်ခဲ့ပြီး လူ ၂၀ခန့် ကို အလုပ်ခန့်ထားပြီးစီးကြောင်းနှင့် ဒလန်ကိစ္စနှင့်ပတ်သက်ပြီး ဘုတလင် ဒလန်ရှင်းလင်းရေးမှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူမှုကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကောက်ယူသွားမည်ဖြစ်ကြောင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၉ရက်မှ ၃၁ရက် ၂၀၂၃ ခုနှစ် အထိ ၂၃ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တစ်နိုင်ငံလုံးတွင် လူဦးရေးစာရင်းများကောက်ယူသွားမည်ဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required