ဒေါပုံမြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

ဒေါပုံမြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

မဲဆောက်(မဇ္ဈိမ)။ ။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်၏ ဒေါပုံမြို့နယ်ဥက္ကဋ္ဌဖြစ်သူ ကိုဉာဏ်ဝင်းထက်သည် ယမန်နေ့ ဒီဇင်ဘာလ ၂၇ရက်နေ့တွင် ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံလိုက်ရကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာလ ၂၇ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)နှင့် ဥပဒေပုဒ်မ(၃)တို့ဖြင့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ကို မနေ့က ထောင်ဒဏ် ၁၅နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယနှစ် စိတ်ပညာကျောင်းသားတစ်ဦးဖြစ်သူ ကိုဉာဏ်ဝင်းထက်သည် ဇူလိုင်လ အတွင်းက စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ၎င်းဖမ်းဆီးခြင်းမခံရခင်က စစ်ကောင်စီသည် အပူတပြင်းရှာဖွေမှုများပြုလုပ်ပြီး ၂၀၂၂ခုနှစ်မေလအတွင်းက ဒေါပုံမြို့နယ်တွင် နေထိုင်သည့် ၎င်း၏ မိဘများကို နှစ်ရက်ကြာဖမ်းဆီးခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ တရားရုံးတစ်ခုဖြစ်သည့် ဘားအံခရိုင်တရားရုံးကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ၂၃ရက်နေ့ တွင် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၄၉(က)ဖြင့် ဗကသများအဖွဲ့ချုပ်၊ ဘဏ္ဍာရေးဗျူရို တာဝန်ခံ ကိုကောင်းထက်ဦးကို ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့သည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများအပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီက ဖမ်းဆီးပြီး ကြီးလေးသည့် အမှုများဖြင့် တရားစွဲဆိုသည့်အပြင် အမြင့်ဆုံးပြစ်ဒဏ်များကို ပေးလေ့ရှိနေသည်။

ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသည့်အပေါ် ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက” ဒီလိုနှစ်ရှည်ထောင်ဒဏ်‌ ချမှတ်နေတာတွေကတော့ လူထုကို အား‌လျော့‌ အောင် ဖိနှိပ်လိုတဲ့ စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတစ်ခုပါပဲ ။စစ်အုပ်စုရဲ့ စစ်ဗျူရိုကရက်ယန္တရားတစ်ခုဖြစ်တဲ့ တရားရေးမဏ္ဍိုင်ဟာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် အခုလို ထောင်ဒဏ်မတန်တဆ အများအပြား ချမှတ်နေတာလို့မြင်ပါတယ်” ဟုဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required