နှစ်ဟောင်းလည်ပြန်၊ ၂၀၂၂ ခုနှစ် အရေးကြီး ဖြစ်ရပ်များ

နှစ်ဟောင်းလည်ပြန်၊ ၂၀၂၂ ခုနှစ် အရေးကြီး ဖြစ်ရပ်များ

နိုင်ငံ့ခေါင်းဆောင် ၂ ဦး ဖြတ်သန်းရသည့် တရားခွင် အခြေအနေ

တတိယအကြိမ် လွှတ်တော်ကျင်းပမည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည့် NLDပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် အကျဥ်းထောင်များထဲ ရောက်ရှိနေသည်။

လက်ရှိတွင် NLDပါတီ၏ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေပြည်တော်အချုပ်ထောင်ထဲရှိ အဆောက်အအုံတစ်ခုတွင် မပြည့်မစုံနေထိုင်နေရသည့်အပြင် အမှုပေါင်းများစွာဖြင့် တရားစွဲခံထားရသည်။

နိုင်ငံ့ခေါင်းဆောင်နှစ်ဦးဖြစ်သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက စွပ်စွဲထားသည့်အမှုများသည် လပေါင်း ၂၂ လနီးပါးကြာလာသည်အထိ မပြီးပြတ်သေးပေ။

စွပ်စွဲခံရသည့် အမှုများအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဘောထားနှင့် ပတ်သက်ပြီး “နိုင်ငံရေးအရဆိုရင် ရင်ဆိုင်စရာကို မလိုဘူးပေါ့။ ရှုံးမှာပဲပေါ့။ အဲ့တော့ ရှုံးရှုံး၊ မရှုံးရှုံး ဥပဒေအရ မှန်မှန်ကန်ကန် လုပ်သလား မလုပ်ဘူးလားဆိုတာကို မှတ်ကျောက်အနေနဲ့ထားဖို့ Rule of Law အမြင်နဲ့ ရင်ဆိုင်တာလို့ သူကတော့ပြောတာပဲ”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စွပ်စွဲခံရသည့် အမှုများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဖမ်းဆီးခံလိုက်ရသည့် နိုင်ငံ့ခေါင်းဆောင်များသည် လဝက်အကြာ ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ၎င်းတို့၏ ပထမဆုံးရုံးချိန်းကို တက်ရောက်ခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက အသက် ၇၈ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉မှုဖြင့် တရားစွဲဆိုခဲ့သည်။ လက်ရှိတွင် ထိုအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အမှု ၁၄မှုအတွက် စုစုပေါင်းထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌက ပြစ်ဒဏ် နှစ်နှစ်ပြန်လျော့ပေးခဲ့ကာ တချို့အမှုများကိုလည်း ပြစ်ဒဏ်တစ်ပေါင်းတည်းကျခံရန် တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုသည့်အမှုများတွင် အဂတိအမှု ၁၂ မှုအထိ ပါဝင်သည်။ ကျန်အမှုများမှာ ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ဖြင့် နှစ်မှု၊ ပုဒ်မ ၁၃၀-ကနှင့် မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြစ်သည်။

ထိုအချိန်က အတိုင်ပင်ခံ၏ ရှေ့နေများသည် အမှုများတွင် လိုက်ပါဆောင်ရွက်နိုင်ရန် နှင့် အမှုသည်နှင့် တွေ့ခွင့်ရရန် အကြိမ်ကြိမ် ကြိုးစားခဲ့ရသည်။

”တရားမျှတမှုဆိုင်ရာ အခွင့်အရေးတွေ ရုတ်သိမ်းခံနေရတယ်”ဟု အမှုတွင်ပါ၀င်သည့် ရှေ့နေတစ်ဦးက ၂၀၂၁ မတ်လတွင် မီဒီယာများကို မှတ်ချက်ပြုဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly