ရွှေတောင်မြို့နယ်တွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်‌ကောင်စီ စစ်ဆေးရေးဂိတ် မိုင်းဆွဲတိုက်ခိုက်

ရွှေတောင်မြို့နယ်တွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်‌ကောင်စီ စစ်ဆေးရေးဂိတ် မိုင်းဆွဲတိုက်ခိုက်

(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ‌ရွှေတောင်မြို့နယ်၊ ရှားတိုင်းကျေးရွာအုပ်စု၊ ပွဲသာရွာထိပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၅)နွေဦးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းနှစ်လုံးဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း ပဲခူတိုင်းတိုင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ၂၇ရက်‌ နံနံက် ၉နာရီ ၃၀မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး နေရာ၌ပင် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်သည် ပြည်သူလူထုအား စစ်ဆေးခြိမ်းခြောက်ခြင်း၊ ဆိုင်ကယ်များ စစ်ဆေးဖမ်းဆီးခြင်း၊ ‌ဆက်ကြေးတောင်းခံခြင်း၊ ဆက်ကြေးမပေးပါက ဖမ်းဆီးထောင်ချခြင်းများကို ကျူးလွန်လျက်ရှိသောကြောင့် တော်လှန်ရေးရဲဘော်များက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသွားသူ စစ်ကောင်စီတပ်သား၏ ရုပ်အလောင်းအား အချိန်ကြာသည်အထိ သယ်ယူခြင်းမရှိဘဲ စစ်ကောင်စီတပ်သားများက သေနတ်များ ရမ်းသန်းပစ်ခတ်ခဲ့‌ပြီး တော်လှန်ရေးရဲဘော်များမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ဒီဇင်ဘာလ၂၇ရက် နံနက် ၁၀နာရီ ၃၀မိနစ်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဖိုးခေါင်လမ်းမ၊ စိန်သဇင်စက်သုံးဆီ အရောင်းဆိုင်အနီး၌ အကြမ်းဖက်စစ်ကောင်စီ၏ ရဲကားနှစ်စီးအား သာယာဝတီဂဠုန်တပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ရဲကားတစ်စီးနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါ‌လာသော အဆိုပါယာဉ်နှစ်စီးသည် ဆိုင်ကယ်စီးပြည်သူများအား စစ်‌ဆေးပြီး ပြန်လာသော အချိန်၌ သာယာဝတီဂဠုန်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးရဲဘော်များ၏ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးမှု၊ ယာဉ်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဆက်လက်အတည်ပြု စုံစမ်းလျက်ရှိသည်။

ပဲခူးတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ကာကွယ်ရေးတပ်ဖွဲ့များသာရှိပြီး၊ ခရိုင် လေးခရိုင်ရှိကာ ခရိုင်တစ်ခုကို အနည်းဆုံး တပ်ရင်း နှစ်ခုရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required